ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာမှာ မတ်လ ၂၂ ရက် ညနေ ၆ နာရီဝန်းကျင်က ရပ်ကျေးဥက္ကဋ္ဌဖလားပြိုင်ပွဲက ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းဖျားကျေးရွာအုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်စီးလာသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူက အုပ်ချုပ်ရေးမှူးဖြစ်တာ နှစ်ပတ်တောင် မပြည့်သေးဘူး၊ မတ်လ ၆ ရက်မှဖြစ်တာ။ သူ့အိမ်နားမရောက်ခင် ပစ်သွားတာ၊ နှစ်ချက်ထိပြီး သေသွားတယ်။”
ဘောလုံးပွဲကပြန်လာတဲ့ အင်းဖျားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းစန်းကို သူ့ရဲ့နေအိမ်အနီး အ.လ.က.ကျောင်းရှေ့မှာ ဆိုင်ကယ်စီးလာသူတွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ရင်ဘတ်တချက်၊ ကျောကုန်းတချက် ထိတယ်၊ ပွဲချင်းပြီးပဲ။ မြို့နယ်ဆေးရုံကိုပို့လိုက်တယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အင်းဖျားကျေးရွာ အပါအဝင် ကျေးရွာတချို့ကို ဒီနေ့ နေ့လယ်အထိ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။