စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတချို့ကို မတ် ၂၂ ရက် မနက်က မြောင်အမျိုးသမီးစစ်သည်တော်တပ် M2W၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ CDSOM၊ မြောင်လူငယ်ကွန်ရက် YFC နဲ့ MEN မြောင်ပညာရေးကွန်ရက်တို့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
မီးဘေးသင့် အိမ်ထောင်စုပေါင်း ၁၀၂ စု၊ လူဦးရေ ကျား ၁၅၉၊ မ ၁၉၆ ဦး ပေါင်း ၃၅၅ ဦးတို့ကို အခြေခံစားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အဝတ်အထည်နဲ့ မီးဘေးသင့် ဆရာ ဆရာမတွေရဲ့ မိသားစု ၁၄ ဦးကို YFC မြောင်လူငယ်ကွန်ရက်နဲ့ MEN မြောင်ပညာရေးကွန်ရက်တို့က တဦးကို ၅၀,၀၀၀ ကျပ်ဆီ ပြည်သူတွေပံ့ပိုးမှုနဲ့ သွားရောက်လှူဒါန်းနိုင်ခဲ့တယ်လို့ M2W မှ မအမရာမှူးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့ (မတ် ၂၂ ရက်) မနက် ၁၀ နာရီမှာ စကစတပ်ကြောင့် မီးဘေးသင့်နေတဲ့ ရွာတချို့ကို သွားရောက်ပူးပေါင်း ကူညီဖြစ်ခဲ့တာပါ။ ပြည်သူ့အခြေပြု တော်လှန်ရေးတရပ်မှာ ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း ကျမတို့ နွေဦးတော်လှန်ရေးအင်အားစုအနေနဲ့ ဥပေက္ခာမပြုထားဘဲ လူသားဆန်တဲ့ ဖေးမခြင်းတွေနဲ့ ကျမတို့ရဲ့ နှလုံးသားတွေကို ဆန့်တန်းထားပြီးတော့ မီးဘေးသင့်သူတွေရဲ့ စိတ်ဒဏ်ရာကို အနည်းငယ်ကုစားပေးချင်လို့ သွားရောက်ကူညီဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်နေပေမဲ့ မိဘပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း ဥပေက္ခာပြုထားလို့ မရပါဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်းတိုင်းထဲက မြောင်၊ ကနီ၊ ယင်းမာပင် စတဲ့နယ်တွေမှာ စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့အတွက် မီးဘေးသင့် လူနေအိမ်ခြေ ထောင်ဂဏန်းနဲ့ စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းအထိ ရှိလာပြီး ဘေးလွတ်ရာ တောတောင်တွေမှာ တိမ်းရှောင်နေရတဲ့အတွက် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-M2Wတာဝန်ရှိသူ