ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ရှိ ပင်လယ်ပြင်ထဲမှာ မတ်လ ၂၁ ရက် မနေ့ညနေပိုင်းက ဆီတင်သင်္ဘော တစီးနဲ့ ငါးဖမ်းလှေတို့ မတော်တဆတိုက်မိပြီး ငါးဖမ်းရေယာဉ်ပေါ်က ရေလုပ်သား ၁ ဦးသေဆုံး ၁ ဦးပျောက်ဆုံးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
“Ocean Marine” အမည်ရှိ ဆီတင်သင်္ဘောကြီးနဲ့ ထလေးလုမ်းချုတ် ၈ အမည်ရှိငါးဖမ်းရေယာဉ်တို့ မနေ့ ညနေ ၆ နာရီခွဲလောက်က လန်ဆွန်ကမ်းစပ်နဲ့ မိုင် ၂၀ အကွာ ပင်လယ်ထဲမှာ မတော်တဆတိုက်မိလို့ အရေးပေါ်ကယ်ဆယ်ရေးလှေတွေ စေလွှတ်ခဲ့ရကြောင်း ချွန်းဖွန်းခရိုင် လက်ထောက်ခရိုင်ဝန် နိုင်းဆုမ်ဖွန်း ပါချိမ်းဖေ့ချ်ကပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာ လူ ၅ ယောက်ပါသွားတဲ့ ငါးဖမ်းရေယာဉ်ပေါ်ကနေ ကိုချစ်သန်း ( ၄၆ နှစ် )နဲ့ ကိုဦး ( ၃၃ နှစ် ) ရှိမြန်မာရေလုပ်သား နှစ်ယောက်နဲ့ နိုင်းဆွန်ဖွန်းကျရွန်းဆဒ် ဆိုသူ ထိုင်းလှေသူကြီး တယောက် စုစုပေါင်း သုံးယောက်ကိုသာကယ်တင်နိုင်ခဲ့ကြောင်း၊ လာအိုလုပ်သား နိုင်း ဖိုင်းဝမ်း ချစ်ဥဒုမ်း ( ၅၀ နှစ် ) မှာ ခေါင်းတခြား ကိုယ်တခြားဖြစ်သွားပြီး ပြတ်နေတဲ့ ခေါင်းက လှေပေါ်ကျန်ရစ်ကာ ခန္ဓာကိုယ်ပိုင်းကိုတော့ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်းမာနုပ် ဝမ်းထွန်း ( ၆၂ ) ဆိုသူ ထိုင်းရေလုပ်သား တယောက်လည်း ပျောက်ဆုံးနေကြောင်း၊ နိုင်းဖိုင်းဝမ်းရဲ့ ဦးခေါင်းကိုတော့ ပတ်နမ့်လန်ဆွန်ဆေးရုံကို ပို့ဆောင် ထားတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မတ်လ ၂၂ မှာလည်း ပျောက်ဆုံးနေသူကို ဆက်လက်ရှာဖွေနေပြီး သင်္ဘောနှစ်စီး တိုက်မိရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေဆဲလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။