တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပထဝီဝင်ဆိုင်ရာ ဗျူဟာမြောက် အကျိုးစီးပွားကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် အခြားသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များ ပြန်လည်စတင်ရန် ဆောင်ရွက်နေသည်။
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ (CMEC) ကို ပြန်လည်စတင်နေပြီး နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ၂၀၂၂ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံသို့ ဖိတ်ကြားပြီးနောက် စီမံကိန်း ပြန်လည်စတင်မှု လုပ်ငန်းစဉ်များကို ပိုမိုလုပ်ဆောင်လာသည်။ ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေစိုးမိုးရေးအတွက် “နိုင်ငံရေးအခြေအနေ မည်သို့ပင်ပြောင်းလဲနေသော်လည်း” တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးမည့် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများအကြား တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်ချက်သည် ၎င်းတို့၏ ဒေသတွင်းဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေး အကျိုးအမြတ်အတွက် ဖြစ်သည်။ စစ်အာဏာရှင်တော်လှန်ရေး အစုအဖွဲ့များမှ စစ်အစိုးရအား အသိအမှတ်မပြုရန်နှင့် ထိတွေ့ဆက်ဆံမှုမပြုလုပ်ရန် တောင်းဆိုကြသော်လည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများနှင့် လဲချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ မလက္ကာအကျပ်အတည်းကို ဖြေရှင်းနိုင်ပြီး အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့ကို ဝင်ရောက်နိုင်မည့်လမ်းကြောင်း ပွင့်သွားမည်ဖြစ်သည်။
စစ်အာဏာရှင်အစိုးရကို ထောက်ပံ့ပေးနေမှုကြောင့် မြန်မာနိုင်ငံရှိ ပြည်သူတို့ကြားတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်နေခြင်းကို ခုသာခံသာရှိစေရန် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်မည့် ပုံစံအသစ်မှာ စီမံကိန်းအများစုကို ပေကျင်း၏ သြဇာလွှမ်းမိုးမှုအောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများဖြစ်သော အစွန်းအဖျားဒေသများ၊ တနည်းအားဖြင့် အခြားဒေသများထက် အနည်းငယ် ပိုမိုငြိမ်းချမ်းသော နေရာများတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု လေ့လာသုံးသပ်ကြသည်။ သို့သော်လည်း ထိုဒေသများတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ဒေါ်လာဘီလီယံနှင့်ချီ၍ ထည့်ဝင်မည့်အလားအလာကို မတွေ့ရပါ။
ဧရာဝတီသတင်းဌာနက ဖော်ပြထားသော ဆောင်းပါးအရ မြန်မာနိုင်ငံတွင် တရုတ်၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်း သုံးခုမှာ - လဲချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (LMC)၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းနှင့် အခြားဆက်စပ်စီမံကိန်းများ (CMEC & CMEC plus) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုစင်္ကြံသစ်တို့ဖြစ်ပြီး ထိုစီမံကိန်းများသည် အခြေခံအဆောက်အအုံ စီမံကိန်းများအပြင် အခြားသော နည်းပညာအကူအညီဆိုင်ရာနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေးသော စီမံကိန်းများလည်း ပါဝင်ပါသည်။ ဤစီမံကိန်း ၃ ခုအောက်တွင် လျာထားပြီး အကောင်အထည်ဖော်မည့် ပရောဂျက်များကို အုပ်စုသုံးစု ခွဲခြားနိုင်သည်။ ပထမတခုဖြစ်သည့် လဲချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (LMC) တွင် အဓိကအားဖြင့် စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သိပ္ပံ၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေး စသည့်ကဏ္ဍများတွင် အသေးစား နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ပါဝင်သည်။ ထိုစီမံကိန်းများသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တက်ရောက်သော ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် လဲချန်း-မဲခေါင် အစည်းအဝေးတွင် တရုတ်နိုင်ငံမှ အကြံပြုသော ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၆ ခုဖြစ်သည်။ သို့သော်လည်း စင်စစ်အားဖြင့် LMC ၏ အဓိကအစီအစဉ်မှာ LMC နိုင်ငံများ (တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်) တို့အကြား သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။
တရုတ်နိုင်ငံသည် အဆိုပါ LMC ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်ရှိ ၎င်းတို့၏ ပထဝီနိုင်ငံရေးအရ ဗျူဟာကျ၍ အရေးပါသော ဝမ်ပေါင်ဆိပ်ကမ်း အဆင့်မြှင့်တင်ရေးနှင့် သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများဖြစ်သည့် မဂ္ဂါဝပ် ၇,၀၀၀ တာဆန်းဆည်ကို အကောင်အထည်ဖော်မည့် အစီအစဉ်ကို ရေးဆွဲပြင်ဆင်နေသည်။ ထိုတာဆန်းဆည်စီမံကိန်းကို ဒေသခံများမှ ဆန့်ကျင်ကန့်ကွက်သော်လည်း တရုတ်နှင့် ထိုင်းမှ ကုမ္ပဏီများက ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်၍ အကောင်အထည်ဖော်မည်ဖြစ်သည်။ ထို့အပြင် LMC ရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် ဝမ်ပေါင်ဆိပ်ကမ်းကို အဆင့်မြှင့်တင်ရန်အတွက် ဖြစ်နိုင်ချေ လေ့လာမှုကို ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံးမှ သိရသည်။
ဒုတိယအုပ်စုဖြစ်သည့် CMEC & CMEC plus စီမံကိန်းများတွင် သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများဖြင့် လွှမ်းမိုးထားသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေးဇုန်များ၊ ရေအားလျှပ်စစ်၊ ဆိုလာနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းများနှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှု စီမံကိန်းများတို့ ပါဝင်သည်။ CMEC plus ဆိုသည်မှာ CMEC စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အခြား LMC နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ခြင်းဖြစ်သည်။ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီသည် ဥပဒေရေးရာ ဝန်ဆောင်မှုများအတွက် တင်ဒါခေါ်ယူခဲ့ပြီး EIA/SIA ဆောင်ရွက်ရန် Myanmar Survey Research (MSR) ကို ၂၀၂၂ ခုနှစ်တွင် ငှားရမ်းခဲ့သည်။ MSR သည် ကျောက်ဖြူတွင် ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး CSO တက်ကြွလှုပ်ရှားသူအချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကျောက်ဖြူမြို့ရှိ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံသံအမတ်ကြီး Chen Hai က မန္တလေးရှိ ရဲရွာ၊ နေပြည်တော်ရှိ ပေါင်းလောင်းနှင့် ရခိုင်ပြည်နယ်တွင် သူဌေး ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း၊ မွန်ပြည်နယ်ရှိ သထုံမြို့နှင့် ရန်ကုန်ရှိ သာကေတမြို့နယ်တို့တွင် သဘာဝဓာတ်ငွေ့သုံး စက်ရုံများ၊ မကွေးတိုင်းဒေသကြီး မင်းဘူးတွင် ဆိုလာစက်ရုံတရုံတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အထက်ဖော်ပြပါ ကန်ဒေါ်လာ သန်း ၁၈၀ တန် စီမံကိန်းကို တရုတ်နိုင်ငံပိုင် Power China Resources၊ Power China နှင့် မြန်မာနိုင်ငံမှ Supreme Group တို့ ပူးပေါင်း၍ မကွေးနှင့် မန္တလေးတိုင်းတို့တွင် ၃၀ မဂ္ဂါဝပ် ဆိုလာ စီမံကိန်းများကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းအများစုနဲ့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို ယခင် NLD အစိုးရလက်ထက်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
တတိယအမျိုးအစား New International Land-Sea Trade Corridors သည် မြန်မာနိုင်ငံကို ဖြတ်၍ အရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးမည့် စင်္ကြံတခုဖြစ်သည်။ သို့သော်လည်း ဤစင်္ကြံကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုသည် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းအပေါ် များစွာမူတည်ပါသည်။ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်ကို ဆက်သွယ်သည့် တရုတ်-မြန်မာ ရထားလမ်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် ဤစီမံကိန်းအတွက် ဖြစ်နိုင်ခြေ အကြိုအဆင့် ပြီးမြောက်ခဲ့သည်။ ဝိုင်(Y) ပုံသဏ္ဌာန် ရထားလမ်းပိုင်းစီမံကိန်းအရ မူဆယ်-မန္တလေး ရထားလမ်းသည် မန္တလေးမှ တောင်ဘက်ရှိ ရန်ကုန်သို့လည်းကောင်း၊ အနောက်ဘက် ကျောက်ဖြူသို့ဦးတည်၍ မန္တလေး-ကျောက်ဖြူ မီးရထားလိုင်း ပြေးဆွဲမည်ဖြစ်သည်။ မြန်မာနိုင်ငံဘက်တွင် မန္တလေး-ကျောက်ဖြူလမ်း ဖောက်လုပ်ခြင်းနှင့် မန္တလေး-မူဆယ်လမ်း အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း မူဆယ်-မန္တလေး ရထားလမ်းအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပြီး လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်အခြေအနေနှင့် ထိုစီမံကိန်းသည် ငွေရေးကြေးရေးအရ ဖြစ်နိုင်ခြေ ရှိ/မရှိမှာ မေးခွန်းထုတ်စရာဖြစ်သည်။
အဆိုပါစီမံကိန်း အမျိုးအစား ၃ ခုအနက် အကောင်အထည်ဖော်မှုအဆင့်သို့ တက်လှမ်းရန် ဖြစ်နိုင်ခြေအရှိဆုံးမှာ LMC စီမံကိန်းလက်အောက်ရှိ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က လေ့လာရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက LMC နိုင်ငံများ၏ သံတမန်များထံ တင်ပြချက်အရ မြန်မာနိုင်ငံရှိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC in Myanmar) အထူးရန်ပုံငွေမှ စီမံကိန်း ၉၂ ခုအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ထုတ်ပေးခဲ့သည်။ ထိုစီမံကိန်း ၂၉ ခုကို ပြည်ထဲရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုနည်းပညာပူပေါင်းဆောင်ရွက်မှု စီမံကိန်းများသည် တရုတ်အစိုးရ၏ ခါးပတ်လမ်းစီမံကိန်းများကို “သေးငယ်နည်းပါးမှုသည် လှပမှုတမျိုး” (Small is Beautiful) ချဉ်းကပ်မှုအသစ်နှင့် ကိုက်ညီပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ဖွံ့ဖြိုးတိုးတက်မှု ဘဏ္ဍာငွေသည် သိသိသာသာ ကျဆင်းနေပြီး (၂၀၁၉ နှင့် ၂၀၂၀ တွင် အနုတ်လက္ခဏာဆောင်သည်) နှင့် ချေးငွေများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် အကြွေးပြဿနာ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခြင်းထက် ယခုအခါ တရုတ်အစိုးရပိုင် ကုမ္ပဏီများနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများသည် တန်ဇန်းနီးယား၊ မြန်မာနှင့် ဆော်လမွန်ကျွန်းများကဲ့သို့သော နိုင်ငံများတွင် လုံခြုံရေး၊ စောင့်ကြည့်ခြင်းနှင့် အုပ်ချုပ်မှုသင်တန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မဟာဗျူဟာပြောင်းလဲမှုသည် တရုတ်နိုင်ငံအတွက် ကုန်ကျစရိတ် ပိုမိုသက်သာပြီး ပိုမိုထိရောက်မှုရှိသည်။
ဒုတိယ အကောင်အထည်ဖော်မည့် ဖြစ်နိုင်ခြေအရှိဆုံး စီမံကိန်းများမှာ လျှပ်စစ်ကဏ္ဍမှာ ဖြစ်နိုင်သော်လည်း တာဆန်းကဲ့သို့သော အကြီးစားရေကာတာများနှင့် မီးလင်းဂျိုင်း LNG ဆိပ်ကမ်းကဲ့သို့သော စီမံကိန်းများသည် လက်ရှိအခြေအနေအရ အကောင်အထည်ဖော်မှု အဆင့်သို့ မရောက်နိုင်ပါ။ ထိုအများစုသော လျှပ်စစ်စီမံကိန်းများသည် အာဏာသိမ်းမှု မတိုင်မီက စတင်ခဲ့သည်။ သို့သော် နစကသည် ၂၀၂၀ ခုနှစ်တွင် ခေါ်ယူခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်း တင်ဒါများကို မမျှော်မှန်းထားသော အပြောင်းအလဲဖြစ်ပေါ်မှု (force majeure) ကြောင့် ရုပ်သိမ်းလိုက်ပြီး ၂၀၂၁ ခုနှစ် မေလတွင် ဆိုလာတင်ဒါအသစ်ကို ပြန်လည်ဖိတ်ခေါ်ခဲ့သည်။
ဤလျှပ်စစ်စီမံကိန်းများ၏ ဘဏ္ဍာရေးဆိုင်ရာ အောင်မြင်ရန် အလားအလာနှင့် ဓာတ်အားဝယ်ယူရန် သဘောတူညီချက်များအတွက် နကစ၏ ကတိကဝတ်များသည် သံသယဖြစ်ဖွယ် ကောင်းသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ရခိုင်ပြည်နယ်ရှိ လေအားလျှပ်စစ်စီမံကိန်းများတွင် တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ကြေညာခဲ့သည်။
တတိယအမျိုးအစားနှင့် စပ်လျဉ်း၍ တရုတ်နယ်စပ် ဖွင့်လှစ်ပြီးကတည်းက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်လာခြင်းကြောင့် တရုတ်-မြန်မာနယ်စပ်တွင် ကုန်သွယ်ရေးဇုန်များ အကောင်အထည် ဖော်လာနိုင်ကာ အများစုမှာ တရုတ်နိုင်ငံနှင့် နီးစပ်ဆက်ဆံရေးရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံမှ ပြည်ပသို့ ချေးငွေထုတ်ချေးထားသော ကြွေးမြီနိုင်ငံ အများအပြားတွင် အကြွေးပြန်ဆပ်နိုင်ရန် အခက်အခဲများနှင့် ကြုံနေရပြီး တရုတ် ပြည်တွင်းစီးပွားရေး အခြေအနေများကြောင့် ယူနန်ပြည်နယ်နှင့် ဆက်သွယ်ရန် အရေးကြီးသော မူဆယ်-မန္တလေး မီးရထားလမ်း အကောင်အထည်ဖော်နိုင်မည်ဟု မထင်မြင်ပါ။ ဤအချက်အလက်များအရ တရုတ်နိုင်ငံသည် မတူညီသောနေရာများ (SAC ၏ ဝန်ကြီးဌာနများ၊ EAO မှ ထိန်းချုပ်ထားသော နယ်မြေများနှင့် နယ်စပ်ဖြတ်ကျော်စီမံကိန်းများ) တွင် ရင်းနှီးမြှုပ်နှံနေခြင်းဖြင့် ဆုံးရှုံးမှုအန္တရာယ်များမှ ထိခိုက်မှုေလျာ့နည်းရန် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ခွဲခြားဖြန့်ကျက်ထားသည်ကို တွေ့ရသည်။ ၎င်းသည် ငွေကြေးဆိုင်ရာ အန္တရာယ်များကို သတိကြီးစွာ ထားနေပုံရပြီး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အသေးစား (၂၀-၄၀ မဂ္ဂါဝပ်ဆိုလာ) နှင့် အလတ်စား (၁၀၀-၂၀၀ မဂ္ဂါဝပ်ကျော် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံး) လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းများတွင် ပိုမိုအာရုံစိုက်ဖွယ်ရှိသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပထဝီဝင်ဆိုင်ရာ ဗျူဟာမြောက် အကျိုးစီးပွားကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် အခြားသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များ ပြန်လည်စတင်ရန် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ရခြင်း၏ အကြောင်းရင်းများ မည်သို့ပင်ရှိစေကာမူ နစကသည် ပြည်သူများနှင့် ဆန့်ကျင်စစ် ဆင်နွှဲနေချိန်ဖြစ်သဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြည်သူလူထု၏ သဘောထားအမြင်မှာ ယခင်ကထက် ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ မြန်မာနိုင်ငံ ပြည်ပကြွေးမြီ၏ တဝက်နီးပါးသည် တရုတ်နိုင်ငံမှ ချေးယူထားခြင်းဖြစ်ပြီး တပ်မတော်ပိုင် ကုမ္ပဏီအဖြစ် ချဲ့ထွင်ထားသည့် မြင်းခြံသံမဏိစက်ရုံအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ချေးငွေအပါအဝင် ဖြစ်သည်။ ထိုစက်ရုံသည် နောက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး အရှုံးပေါ်နေသည့်အတွက် NLD အစိုးရကပိတ်ပစ်ခဲ့သည်။ အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများမှ ၎င်းတို့နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်းများကို နိုင်ငံအလိုက် လေ့လာမှုပြုလုပ်သော BRI Monitor https://www.google.com/search?client=firefox-b-d&q=BRI+monitor မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စီမံကိန်းများကို စီမံအုပ်ချုပ်မှု အားနည်းချက်များ ရှိသည်ဟု ဖော်ထုတ်ပြသထားပြီး တရုတ်၏ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ပြည်သူအတွက် အကျိုးမရှိဘဲ စစ်ဘက်ဆိုင်ရာ အထက်တန်းလွှာများကိုသာ ကြွယ်ဝချမ်းသာစေသည်ဟု မြန်မာလူထုကယူဆလာကြသည်။ အဆိုပါ BRI Monitor ၏ လေ့လာမှုများတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှု အားနည်းခြင်း၊ မြေယာသိမ်းဆည်းမှုတွင် အာဏာပိုင်များမှ မတရားသဖြင့် ပါဝင်ခြင်းနှင့် အကျင့်ပျက် ခြစားမှုများ ရှိသည်ကို ဖော်ပြထားသည်။ တရုတ်အစိုးရပိုင် ကုမ္ပဏီများသည် ပြည်တွင်းရှိ အစိုးရပိုင်ကုမ္ပဏီများ၊ သြဇာကြီးသော ခရိုနီကုမ္ပဏီများနှင့် မိတ်ဘက်ဖွဲ့ကာ ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများကို ၎င်းတို့ကြုံတွေ့လာနိုင်သည့် အန္တရာယ်များကို ဂရုမစိုက်ဘဲ အကောင်အထည် ဖော်နေကြသည်။ AidData မှ Brad Parks ၏ ပြောကြားချက်အရ တကမ္ဘာလုံးရှိ တရုတ်ဘီအာအိုင်စီကိန်းများတွင် ဒေသခံလူထုအတွက် အကျိုးမဖြစ်ထွန်းစေသည့် အဓိကအင်္ဂါရပ်နှစ်ခုရှိသည်။ ၎င်းတို့မှာ လူတစုကောင်းစားရန် ဆောင်ရွက်ခြင်း (political capture) နှင့် အကျင့်ပျက်ခြစားခြင်း (corruption) တို့ဖြစ်သည်။
တရုတ်အစိုးရသည် CMEC နှင့် မြန်မာနိုင်ငံရှိ အခြားသော စီမံကိန်းများကို ပြန်လည်စတင်ရန် ဆုံးဖြတ်ထားသော်လည်း ကြီးမားသော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံးမှုအန္တရာယ်များကို သေချာအကဲဖြတ် ဆန်းစစ်ရန် လိုအပ်သည်။ အထက်ဖော်ပြပါအတိုင်း ရင်းနှီးမြှုပ်နှံမှုများမှ ဆုံးရှုံးမှုအန္တရာယ်များနှင့် ထိခိုက်နစ်နာမှုများ နည်းစေရန် CMEC နှင့် အခြားသော တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေး တည်ငြိမ်မှု အခြေအနေများ မတူညီသော နေရာဒေသများ - ဥပမာ ရခိုင်ပြည်နယ်ကဲ့သို့ နေရာများတွင် ခွဲခြမ်းပိုင်းခြားပြီး မတူညီသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည် ဖော်ခြင်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားကို ဖော်ဆောင်ပေးပြီး ဘေးအန္တရာယ် ကင်းလွတ်သည်ဟု ယူဆသည်မှာ လက်တွေ့မကျပါ။ ဘဏ္ဍာရေး၊ ငွေကြေးနှင့် နိုင်ငံရေးမှသည် ကြိုမမြင်နိုင်သော အခြေအနေများကြောင့် အရေးပေါ်ရပ်ဆိုင်းရသည်အထိ ဤပရောဂျက်များနှင့် ဆက်စပ်နေသော အန္တရာယ် များစွာရှိပါသည်။ နိုင်ငံ၏ အခြားဒေသများ အထူးသဖြင့် ပြည်မကြီး ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသများမှ ဖြစ်ပွားသော ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုများသည် ဤစီမံကိန်းများကို သေချာပေါက် သက်ရောက်စေမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွက် မည်မျှပင်နစ်နာစေကာမူ ၎င်းတို့ အာဏာဆုပ်ကိုင်ထားနိုင်ရန်အတွက် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပြည်သူ့စစ်များ၊ လူရမ်းကားများနှင့် လူဆိုးဂိုဏ်းများကို အသုံးပြုသည့် နစက၏ မာဖီးယားပုံစံ အုပ်ချုပ်မှုသည် တရုတ်နိုင်ငံနှင့် ဒေသတွင်း တည်ငြိမ်ရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်သည်။
တရုတ်အစိုးရသည် ကိုယ်ကျိုးစီးပွားနှင့်ပတ်သက်၍ ဆယ်စုနှစ်များစွာသာမက ရာစုနှစ်များစွာ ကြာသည့်တိုင် မြော်မြင်ပြီး သာယာဝပြော၍ တည်ငြိမ်အေးချမ်းစွာဖြင့် တရုတ်နှင့် မြန်မာလူမျိုးများ၏ သာယာဝပြောရေးကို ဖော်ဆောင်နိုင်မည့် စီမံကိန်းလုပ်ငန်များကို ပိုမိုလုပ်ဆောင်နိုင်ရန် မျှော်လင့်မိပါသည်။
လင်းထက်မြက်