ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မတ်လ ၂၁ ရက် မနက်က နေအိမ်တအိမ်ရှိ အိမ်သာတွင်းအသစ်ကို ပြုပြင်ဖို့ တွင်းထဲဆင်းသွားစဉ် အောက်စီဂျင်ပြတ်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ရကြောင်း ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာက လက်သမားလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးချစ်လွင်ဖြစ်ပါတယ်။
မျက်မြင်ဒေသခံတဦးက “သူက လူတကိုယ်စာဆံ့တဲ့ အိမ်တွင်းအသစ်ထဲက ကွန်ကရစ်အဖုံးပေါ်က အပေါက်ကို အိမ်သာကျင်းထဲဆင်းပြီး သစ်သားဒေါက်တိုင်တွေကို ပြန်ဖြုတ်ယူတာ။ ကျင်းထဲမှာ အောက်ဆီဂျင်မရှိတော့ အသက်ရှူပြတ်တောက်ပြီး သတိမေ့သွားတာ။ အိမ်ရှင်နဲ့ နောက်အလုပ်သမား ၃ ဦး ကျင်းထဲဆင်းပြီး ကယ်ထုတ်ကြတယ်။ သူတို့ ၃ ဦးလည်း အပေါ်ကို ရောက်တာနဲ့ သတိမေ့သွားကြတယ်။ ဦးချစ်လွင်ကို လေးဝတီကုလရက္ခိတ ပရဟိတအသင်းက အရေးပေါ်ဆေးရုံပို့ရာ လမ်းခုလတ်မှာ ဆုံးသွားတယ်။ သူ့ကို ကယ်ထုတ်တဲ့ အိမ်ရှင်နဲ့ အလုပ်သမား ၃ ဦးက အောက်ဆီဂျင်ရှူခိုင်းပြီး ပြန်သတိရလာကြတယ်” လို့ ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ သူ အလုပ်လုပ်နေတဲ့ ဦးကျော်ဝင်းနေအိမ် အိမ်သာကျင်းအသစ် ပြုလုပ်ရာက ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- လေးဝတီကုလရက္ခိတပရဟိတအသင်း