ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ သန္တိသုခလမ်းရှိ အဆောင် ၂ ခုမှာ ရဟန်းအယောင်ဆောင် အမျိုးသား ၆ ဦးကို မတ်လ ၁၉ ရက် ည ၁၀ နာရီ ဧည့်စာရင်းစစ်ချိန်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ် အမျိုးသားတဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း အမျိုးသား ၆ ဦးဟာ သင်္ကန်းဝတ်ဆင်ပြီး ‘ချမ်းသာအောင်ကျောင်းတိုက်’ တံဆိပ်ပါ စာအိတ်တွေနဲ့ ရန်ကုန်က YBS ကားတွေ၊ ဈေးတွေမှာ လိုက်လံလိမ်ယူနေတာဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီအမျိုးသားတွေဟာ ဧရာဝတီတိုင်းကနေ ပြောင်းရွှေ့နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပြီး ၂၀၂၂ ခုနှစ်ကတည်းက အခုလို လိမ်ညာအလှူခံနေတဲ့သူတွေဖြစ်ကာ သူတို့ရဲ့ ဧည့်စာရင်းမှာတော့ ဆောက်လုပ်ရေး၊ ဈေးရောင်းဆိုပြီး ထည့်ထားတယ်လို့ ဆိုပါတယ်။
လိမ်လည်သူတွေဟာ အဆောင်နှစ်ခုမှာ ခွဲပြီးနေထိုင်ကြတာဖြစ်ပြီး အဆောင်ကိုပြန်လာတဲ့ အချိန်မှာတော့ လူဝတ်လဲပြီးမှ ပြန်လာတာဖြစ်ကာ အိမ်ရှင်က ဓာတ်ပုံနဲ့တကွ လာတိုင်တာဖြစ်ပြီး အားလုံးက ကတုံးတွေချည်းဖြစ်တဲ့အတွက် ခေါ်ယူစစ်ဆေးတဲ့ အခါမှာတော့ လှိုင်သာယာဘက်နဲ့ မြို့ထဲမှာ အလုပ်လုပ်တယ်လို့ လိမ်လည်ထွက်ဆိုကြတယ်လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
တာဝန်ရှိသူတွေက ရှာဖွေစစ်ဆေးရာမှာတော့ သင်္ကန်း ၁၄ စုံ၊ သံသပိတ် ၆ လုံးနဲ့ ရဟန်းရက်ချုပ်စာရွက် ၃ ခု၊ ကျပ်ငွေ ၁ သိန်းဝန်းကျင်နဲ့ ဖုန်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပြီး တခြားအဖွဲ့ဝင်တွေ ရှိ၊ မရှိနဲ့ ပြစ်မှုတွေကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။