Home
နိုင်ငံတကာ
ကုန်ထုတ်လုပ်ငန်း လိမ်လည်မှုက ဂျပန်စီးပွားရေးကို ထိခိုက်စေဟု ပညာရှင်ပြော
DVB
·
August 26, 2024

ဂျပန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ လိမ်လည်မှု အရှုပ်တော်ပုံတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေတာဟာ  အမျိုးသားစီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ဂျပန်စီးပွားရေးပညာရှင်တဦးက တိုကျိုမြို့တော်မှာ ပြောလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဟာ တိုယိုတာ၊ မာဇဒါ၊ ယာမာဟာ၊ ဟွန်ဒါနဲ့ ဆူဇုကီး ကုမ္ပဏီတွေက ကားတွေ အမြောက်အမြား ထုတ်လုပ်ဖို့လိုတဲ့ လက်မှတ်တွေကို လိမ်တာနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကို ဇွန်လမှာ လက်ခံရရှိထားတယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံက ကာဝါဆာကီ အကြီးစားစက်မှုလုပ်ငန်းဟာ သင်္ဘောအင်ဂျင်တွေမှာ လောင်စာဆီစား သက်သာတဲ့ အချက်အလက်တွေကို အတုလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ကြာနေပြီလို့ ဂျပန်အမျိုးသားရုပ်သံ NHK က ပြီးခဲ့တဲ့ရက်ပိုင်းဖော်ပြခဲ့ပါတယ်။ 

ကာဝါဆာကီအကြီးစား စက်မှုလုပ်ငန်းဟာ အန္တရာယ်ရှိတဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်အတွက် စည်းမျဉ်းစည်းကမ်းတွေ ထွက်လာတဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ကုန်တင်သင်္ဘောကြီးတွေ၊ ကွန်တိန်နာသင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေအပါအဝင် သင်္ဘောတွေပေါ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင် ၆၇၄ ကအချက်အလက်တွေကို  ၆၇၃ အဖြစ် ပြောင်းလဲခဲ့တယ်လို့လဲ NHK က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ယန်းငွေတန်ဖိုး ကျဆင်းမှုဟာ အရှုပ်တော်ပုံတွေအတွက် အထောက်အကူ ဖြစ်စေတယ်လို့ သတင်းအချက်အလက် သုတေသနကုမ္ပဏီ မူဂံ LLC က အကြီးအကဲ စီးပွားရေးပညာရှင် တာရှိရိုဟိဒဲတိုရှိက တရုတ်နိုင်ငံပိုင် CCTV ရုပ်သံဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

ဂျပန်ကုမ္ပဏီတွေဟာ ငွေကြေးတန်ဖိုးကျဆင်းမှုကို ဆန့်ကျင်တဲ့ သတင်းအချက်အလက်တွေကို အတုအယောင်လုပ်ခဲ့တယ်လို့လည်း CCTV ကစွပ်စွဲပါတယ်။

မော်တော်ယာဥ်၊ သင်္ဘောတည်ဆောက်ရေးနဲ့ အကြီးစားစက်ယန္တရားတွေဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးမဏ္ဍိုင်တွေဖြစ်ပြီး ပြီးပြည့်စုံတဲ့ စက်မှုလုပ်ငန်း ကွင်းဆက်ကို အထက်ပိုင်းဦးဆောင် လုပ်ငန်းတွေကနေ လုပ်ငန်းစဉ်အောက်ပိုင်း ကန်ထရိုက်တာတွေအထိ ဖွဲ့စည်းထားပေမဲ့ ဂျပန်ကုမ္ပဏီတွေရဲ့ လိမ်လည်မှုအရှုပ်တော်ပုံက စက်မှုကွင်းဆက်တခုလုံးကို လှုပ်ခတ်သွားစေလိမ့်မယ်လို့ တာရှိရိုက ပြောပါတယ်။

လိမ်လည်မှုအခြေအနေ ပိုဆိုးလာရင် စီးပွားရေးဟာလည်း ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024