ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ထဲက ရပ်ကွက်တချို့မှာ မြေညီထပ်မှာရှိတဲ့ အိမ်တွေထဲကို နောက်ဖေးတံခါး ပေါက်ကနေ တဆင့် ဝင်ရောက်ပြီးခိုးယူတာတွေ အခုနှစ်ဆန်းပိုင်းကနေစပြီး အဖြစ်များနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ်လဒုတိယပတ်တုန်းကလည်း နတ်ချောင်းရပ်ကွက် မြန်မာ့ဂုဏ်ရည်လမ်းမှာရှိတဲ့ နေအိမ် တစ်လုံးနဲ့ မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းမှာရှိတဲ့ မြေညီထပ်တိုက်ခန်းတစ်ခန်း ဖောက်ထွင်းခံ ခဲ့ရပြီး တခြားရပ်ကွက်တွေမှာလည်း ညတိုင်း အိမ်ဖောက်ထွင်းမှုတွေ ဖြစ်နေတယ်လို့ ဗျိုင်းရေအိုးစင်ရပ်ကွက်မှာနေထိုင်သူ တဦးက ပြောပါတယ်။
နောက်ဖေးလမ်းကြားတွေကို ပိတ်ထားတဲ့ ခြံစည်းရိုးတွေက ပြိုပျက်လာတာကြောင့် သူခိုးတွေက အလွယ်တကူ ဝင်လာနိုင်တာဖြစ်ပြီး သူတိုမှာ ပါလာတဲ့ ပလာယာတွေနဲ့ တံခါးပေါက်ကို ဖျက်ပြီးမှ အိမ်ထဲထိ ဝင်ရောက်ခိုးယူသွားတာကြောင့် အိမ်စောင့်ပေးမယ့်သူ မရှိရင် အပြင်တောင် မထွက်ရဲတော့ဘူးလို့ဖောက်ထွင်းခံခဲ့ရတဲ့ မြေညီထပ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
တာမွေမြိုနယ်အတွင်းမှာ အခုလို အိမ်ဖောက်ထွင်းမှုတွေအပြင် ကားမှန်တွေကိုခွဲပြီး ပစ္စည်းခိုးယူ ခံရတာတွေနဲ့ လမ်းသွားရင်း လုယက်တာတွေ နေ့စဥ်ဖြစ်ပေါ်နေပေမဲ့ နယ်မြေခံရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက ထိထိရောက်ရောက် အရေးယူတာမရှိဘူးလို့ မြိုခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကလည်း ကျောက်မြောင်း စိတ္တသုခလမ်းမှာရှိတဲ့ ပန်းထိမ်ဆိုင် တစ်ဆိုင်က ရွှေ ၅ ကျပ်သားလောက် ခိုးယူသွားတဲ့ တရားခံတွေကိုလည်း အခုချိန်ထိ စုံစမ်းတာ မရသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ အခြေခံကုန်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်းတွေ မြင့်တက်လာပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာလည်း ခိုးမှုနဲ့ လုယက်မှုတွေ အရင်ကထက် ပိုမိုဖြစ်ပွားလာတာကို တွေ့နေရပါတယ်။