Home
မြန်မာသတင်း
ရန်ကုန်တွင် အမျိုးသား ၁ ဦးက ဘတ်စ်ကားရှေ့ပြေးဝင်ပြီး သေကြောင်းကြံစည်
DVB
·
March 20, 2023
336806495_1013882916259509_315776376457797682_n

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းမှတ်တိုင်နဲ့ သဲကွင်းမှတ်တိုင်ကြားရှိ ကမ်းနားလမ်းမပေါ်မှာ မတ်လ ‌၁၉ ရက် ညနေပိုင်းက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဟာ  YBS ဘတ်စ်ကားရှေ့ကို ခေါင်းနဲ့ပြေးဝင်တိုက်ပြီး  ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ညနေ ၅ နာရီခွဲလောက်က  YBS ၂၃ ယာဉ်ဟာ ကမ်းနားလမ်းအတိုင်း မောင်းလာချိန် ဟုမ်းလမ်းမှတ်တိုင်အနီးမှာ  အဆိုပါ အမျိုးသားက ဘတ်စ်ကားဆီပြေးဝင်လာပြီး  အတင်းဝင်တိုက်ခဲ့လို့  YBS ယာဉ်မောင်းက ကွေ့ရှောင်နိုင်ခဲ့လို့  အသက်မသေခဲ့ဘဲ ထိခိုက်ဒဏ်ရာရသွားတာဖြစ်ပါတယ်။ 

ကြည့်မြင်တိုင်အခြေစိုက် လူမှုကူညီရေးအသင်းဝင်က "ရပ်ကွက်က သတင်းပို့တာပါ၊ YBS တစ်စီးကလူကို တိုက်သွားတယ် ဆိုပြီး အကြောင်းကြားတာနဲ့ ကယ်ဆယ်ရေးလုပ်တာပါ။ အဲ့ဒီမှာ တစ်ယောက်က အဲဒီလူက ရှေ့မှာလည်း ကား ၃ ၊ ၄ စီးကို အခုလို လုပ်နေတာ ရှိတယ်၊ မသင်္ကာလို့ ဗွီဒီယိုလိုက်ရိုက်ထားတာလို့ ပြောတယ်၊ ကြည့်လိုက်‌တော့ သူက ကားအရှေ့ကို ဒိုက်ဗင်ဝင်ထိုးတဲ့ ပုံစံကြီး တွေ့ပါတယ်။ ခေါင်းက ဖူးပြီး‌တော့ သွေးနည်းနည်း ထွက်သွားတယ်၊ အိမ်လိပ်စာ မေးတာတောင် ၄ နေရာလောက် ပြောနေတယ်၊ ပြီးတော့ သူ့ကိုယ်သူ မသေသေးဘူးလားလို့ ပြောတယ် " လို့ ဆိုပါတယ်။

အဆိုပါအမျိုးသားဟာ ယာဉ်ရဲ့ ညာအရှေ့ဘက်နဲ့ ရိုက်မိတာကြောင့် ဘယ်နားထင် ဖူးရောင် ဒဏ်ရာ၊ ပေါက်ပြဲ ဒဏ်ရာရရှိခဲ့လို့ ရန်ကုန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး အဲ့ဒီတစ်နေ့တည်း YBS ကား သုံးစီးခန့် ရှေ့ကို အခုလို ပြေးဝင်ခဲ့သေးတယ်လို့ သိရပါတယ်။ 

အဲ့ဒီအမျိုးသားရဲ့ နေရပ်လိပ်စာကို မေးမြန်းရာမှာ အတည်တကျ မဖြေတာကြောင့် မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပြီး ဘာကြောင့်ခုလိုလုပ်ရတာလဲဆိုတာ ကြည့်မြင်တိုင်ရဲစခန်းမှာ မေး‌မြန်းနေဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024