ရန်ကုန်၊ သာကေတမြို့နယ်၊ ၁၁ ရပ်ကွက်၊ ရှုခင်းသာလမ်း၊ ဓမ္မာရုံမှတ်တိုင်အနီးက ဆိုင်ခန်းတွဲတွေမှာ မတ်လ ၁၇ ရက် မနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲ့ဒီနေ့ မနက် ၄နာရီခွဲလောက်မှာ ဆိုင်ခန်းတွဲ ၃ ခန်းရှိတဲ့အနက် ဖုန်းအပိုပစ္စည်းဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့အပြင် ဘေးချင်းကပ် နှစ်ဆိုင်ကိုပါ မီးကူးစက်ခဲ့တာပါ။
သာကေတအခြေစိုက် လူမှုကူညီရေးအသင်းဝင်တယောက်က "မနက် ၄ နာရီ ၂၅ ကျော်လောက်မှာ မီးသတင်းရတယ်၊ ဓမ္မာရုံလမ်းနဲ့ ရှုခင်းသာလမ်းထောင့် လမ်းထိပ်လေးတင်ပါ။ ဓမ္မာရုံလမ်းမှာက ဆိုင်ခန်းတွဲလေးတွေ ကပ်နေတာ၊ လောင်တဲ့ ဆိုင်က လူမနေဘူး၊ ဖုန်းပစ္စည်းကာဗာတို့ အားသွင်းကြိုးတို့ ရောင်းတာ၊ မီးကလည်း ညပိုင်းလောက်ကတည်းက ပြတ်သွားတာ၊ လောင်တာက မနက်ပိုင်း မီးပြန်လာပြီးမှ ဖြစ်သွားတာလို့ ပြောကြတယ်"လို့ ပြောပါတယ်။
သာကေတမြို့နယ်မီးသတ်ဌာနနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ဖုန်းအပိုပစ္စည်းဆိုင်သာ မီးလောင်ကျွမ်းသွားခဲ့ပြီး ဘေးချင်းကပ် ဆိုင် နှစ်ဆိုင်ကိုပါ မနက် ၄ နာရီ မိနစ် ၄၀ မှာ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့လို့ မီးကူးစက်မှု သိပ်မရှိဘူးလို့ သိရတဲ့အပြင် ဖုန်းအပို ပစ္စည်းဆိုင်လောင်ကျွမ်းမှုရဲ့ ပျက်စီးဆုံးရှုံးတန်ဖိုးကို မသိရသေးပါဘူး။
ရန်ကုန်မှာ မတ်လ ၁၇ ရက်နေ့က မရမ်းကုန်း၊ ဂန္ဓမာလမ်းရှိ လူနေအိမ် မီးလောင်မှု အပါအဝင် မတ်လ ၁၇ ရက်အထိ မီးလောင်ကျွမ်းမှု ၁၆ ကြိမ် ရှိတဲ့အနက် ဝါယာရှော့ဖြစ် မီးလောင်ကျွမ်းမှု ၄ ကြိမ်ထပ်မနည်း ရှိနေပြီလို့ သိရပါတယ်။