စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြီးတဲ့နောက် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုတိုးလာနေတယ်လို့ မြို့ခံက ပြောပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲဘာသာတွဲတွေမနေ့က ဖြေဆိုပြီးတဲ့နောက် မြို့နယ်တချို့မှာ တညလုံးမီးပျက်ခဲ့သလို ဒီနေ့မှာလည်း မကြာခဏ မီးပြတ်တာခဲ့တယ်လို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက "ညက ၆ နာရီကျော်က ပျက်တာ မနက် ၈ နာရီလောက်မှပြန်လာတယ်။ ဘယ်လောက်မှမကြာဘူး ပြန်ပျက်သွားတယ်။ လာလိုက်ပျက်လိုက်နဲ့ ဘာမှလုပ်မရဘူး" လို့ ပြောပါတယ်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ နေထိုင်သူတဦးကလည်း စာမေးပွဲရက်မှာလည်း မီးမမှန်သလို အခုဆိုရင် တရက်မီးလာချိန်က လေးနာရီလောက်ပဲရှိတော့တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲတွေ ဖြေဆိုချိန်မှာ လျှပ်စစ်မီး အပိုင်းလိုက် ၄ နာရီလာ၊ ၄ နာရီပျက်နဲ့ ညဘက်ပုံမှန်မီးပေးတဲ့စနစ် အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုစာမေးပွဲကာလမှာ လျှပ်စစ် မီးပေးနိုင်ဖို့အတွက် လုပ်ငန်းသုံးနဲ့ စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ ဌာနက ဖြန့်ဖြူးတဲ့လျှပ်စစ်အားကို မသုံးဖို့၊ သုံးစွဲတာတွေ့ရင် အုပ်ချုပ်မူနည်းလမ်းအရ အရေးယူမယ်ဆိုပြီး ကန့်သတ်သတိပေးတာတွေ လုပ်ခဲ့ပါတယ်။
အခုလို လျှပ်စစ်မီး မကြာခဏပြတ်တောက်လာတာကြောင့် လျှပ်စစ်အားအသုံးပြုလုပ်ငန်းတွေ ထိခိုက်ဆုံးရူံးမှုတွေ နဲ့ လူမှုဘဝအဆင်မပြေမှုတွေ ရှိနေကာ ဝေဖန်မူတွေလည်း ထွက်ပေါ်နေပါတယ်။