(က)
အဘလုံးတုံး ယူလာတဲ့ ‘လမုန့်’ လေးကလည်း ချိုချို စိမ့်စိမ့် မွှေးမွှေးလေးဗျ။ စားလို့တော့ ကောင်းပါတယ်ဗျာ။ ဒါပေမယ်လို့ ဟိုအရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်တုန်းက လမုန့်ရဲ့ ‘တဝက်’ ပဲရှိတော့တယ်။
အရင်က လမုန့်ဆို လေးစိတ်လောက်ဖဲ့ပြီး စားရတာ။ အခုဟာလေးကတော့ စက္ကူပတ်ဖြည်ပြီးတာနဲ့ ပါးစပ်ထဲ ဒီအတိုင်းပစ်ထည့်လိုက်တာ အာမထိ လျှာမထိပါပဲ။
ဒီနေ့ရေနွေးကြမ်းဝိုင်းမှာ အားတက်သရော ဦးဆောင်ပြောကြားနေသူတွေကတော့ စိမ်းသရဖူစိမ်း အဘစိမ်းမောင်နဲ့ စိမ်းဆိုမှစိမ်း အဘစိမ်းလွင်တို့ပါ ခင်ဗျ။ ကြင်စိုး သာဝ မအလရဲ့ သာဝကတွေပီပီ ‘မတ်လ ၂၇ ရက်’ နေ့အကြောင်းကို တံတွေးတွေ ပေါက်ပေါက်ကျအောင်ကို မြိန်ရေယှက်ရေ ‘လွှတ်’ နေတာပါ။ အဘစောမူးသာနဲ့ စစ်ပြန်ကြီး အဘလုံးတုံးတို့ကတော့ ပြုံးစိပြုံးစိနဲ့ ‘လွှတ်ပေး’ ထားတာ မြင်ရပါတယ်။
“အခုလာမယ့် ‘တပ်မတော်နေ့’ ဟာ ‘၇၈’ နှစ်မြောက်ပေါ့ ငြိမ်းလွင် ရ”
“အမှန်ပေါ့ သိမ်းမောင်ရာ . . . ဘာလိုလိုနဲ့ နယ်ချဲ့ရန်ကနေ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် တိုက်ထုတ်ပေးခဲ့တဲ့ ‘တပ်မတော်’ ရဲ့ ၇၈ နှစ်မြောက် ‘တပ်မတော်နေ့’ ပေါ့”
“အော့ ဟော့ . . . အော့ ဟော့”
“ဟဲ ဟဲ . . . ဟဲ ဟဲ . . . ဟဲ ဟဲ”
အဘစောမူးသာနဲ့ အဘလုံးတုံးတို့က တဟဲဟဲ ထရယ်ကြတော့ ဟိုအဘတွေ တင်းသွားပုံရပြီး မေးခွန်းတွေ ထုတ်ပါသဗျ။ ဘာသဘောလဲပေါ့လေ။ ဟိုအဘတွေကလည်း အဖြေရှိပြီးသားကိုး။ မတ်လ ၂၇ ရက်နေ့ဟာ ‘တပ်မတော်နေ့’ မဟုတ်ဘူး၊ ‘တော်လှန်ရေးနေ့ဟ’ လို့ ပြန်ပြောကြပါတယ်။
“အတူတူပါပဲ မူးသာရာ”
“မတူဘူးဟ စိမ်းမောင်ရ”
နယ်ချဲ့တွေ ဖက်ဆစ်တွေကို တွန်းလှန်တိုက်ထုတ်ခဲ့တာ ပြည်သူတရပ်လုံးဟလို့ ပြောပြီး ‘တော်လှန်ရေးနေ့’ သာ အသုံးအနှုန်းအမှန်ဆိုတာကို နားဝင်အောင် ရှင်းပြကြပါတယ်။ ဘဘစိမ်းတို့ကလည်း နားကိုမဝင်ကြပါဘူး။ ဒါပေမယ်လို့ အဲသည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က အစပြုခဲ့တဲ့ အဲသည်တော်လှန်ရေးနေ့အကြောင်းကိုပဲ တက်တက်ကြွကြွ ဆက်ပြောကြပါတယ်။
“အဲသည်နေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေတော်ရင်းက ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲဘော်တွေကို ‘စစ်ထွက်မိန့်ခွန်း’ ပြောခဲ့တာပေါ့”
“ဟုတ်တယ် စိမ်းမောင်၊ အခု ‘တော်လှန်ရေးပန်းခြံ’ နေရာမှာပေါ့”
“အဲသည်နေ့က မိန့်ခွန်းဟာ အတိုဆုံး အထိမိဆုံးမိန့်ခွန်း ဖြစ်လိမ့်မယ်”
“ဟုတ်တယ် စိမ်းမောင်၊ အပြတ်သားဆုံး အထိရောက်ဆုံး စစ်ထွက်မိန့်ခွန်းပဲဟ”
အမယ်မယ် . . . ခုတော့လည်း အတိုင်အဖောက်ကို ညီလို့ပါဗျား။ အဲသည်လို ပြေပြေလည်လည်ဆိုရင်တော့ အိုကေပေါ့ဗျာ။
ဒါပေမယ်လို့ ဖေကြီးရဲ့ ရှေးယခင်အတွေ့အကြုံတွေအရ စိတ်ထဲ လေးတေးတေးပါ။
(ခ)
“အဲသည်နေ့ကပြောခဲ့တဲ့ ဗိုလ်ချုပ်မိန့်ခွန်း စကားလုံးကို ရင်ထဲမှာ အခုအချိန်အထိကို စွဲနေတာ”
“ဘယ်ဟာကိုလဲ စိမ်းမောင်ရဲ့”
“ဘယ်ဟာကမလဲ လုံးတုံးရ ‘အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ’ ဆိုတာလေကွာ”
“အဲဒါပဲပေါ့ စိမ်းမောင်ရာ . . . တယ်တော်တဲ့ ငါ့သူငယ်ချင်းကြီး၊ ငါတို့လည်း အဲသည်မိန့်ခွန်းကို သိပ်ကြိုက်တာဟ”
အတိုင်အဖောက် အပေးအယူ မျှနေကြဆဲ။ အခြေအနေကား အေးချမ်းသာယာလျက် ရှိပါလေ၏ ခင်ဗျာ။ ဒါပေမယ်လို့ စိတ်ထဲမှာတော့ ခပ်လေးလေးကြီးပါ။
အဘစိမ်းမောင်နဲ့ အဘလုံးတုံးတို့ကို လှမ်းကြည့်လိုက်တော့ ပြုံးစပ် ပြုံးစပ် ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ ဖေကြီးတို့တွေ တခုခုကြားရဦးတော့မှာပဲလို့ တွေးမိပါသဗျ။
ဖေကြီးအတွေးအထင်ကို ခဏအကြာမှာ အဘစောမူးသားနဲ့ အဘလုံးတုံးတို့ကနေပြီး ဖြည့်ဆည်းပေးလာပါတော့တယ်။
“လုံးတုံးရေ . . . ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ ‘အနီးကပ်ဆုံးရန်သူကို ရှာပြီးချေမှုန်းကြ’ ဆိုတဲ့ဟာကို ဒီနေ့ပြန်ပြီးကြားရတော့ ဟိုးရှေးခေတ် ဆွေမျိုးပေါက်ဖော် တရုတ်ပြည်က ‘လမုန့်တော်လှန်ရေး’ ဆိုတာကို သွားပြီး သတိရမိလာတယ်ဟ”
“ဆိုစမ်းပါအုံး မူးသာရ . . . ဗိုလ်ချုပ်မိန့်ခွန်းနဲ့ ဘယ်လိုများ ဆက်စပ်နေတာလဲဆိုတာ သိချင်စမ်းပါဘိဟာ”
“ဟားဟား ဟားဟား ဟားဟား . . . . ပြောပြမယ် . . . ပြောပြမယ် . . . မင်းယူလာတဲ့ မအလခေတ် လမုန့်ကလေး ပိစိကွေးကို မြည်းပြီးရင် ပြောပြမယ်ဟေ့”
လမုန့်သေးသေးညှက်ညှက်လေးကို ပါးစပ်ထဲပစ်သွင်းကာ ရေနွေးပူပူကို မှုတ်သောက်နေလေရာ ဖေကြီးတို့သာမက ဟိုအစိမ်းအဘနှစ်ဦးပါ ပုံပြင်ကို ငံ့လင့်လျက် ရှိနေကြောင်းကို မြင်ရပါလေ၏။
(ဂ)
“တရုတ်ပြည်ကြီးကို မွန်ဂိုတွေ အုပ်စိုးနေချိန်ကတည်းကကွ၊ အဲသည် မွန်ဂိုစစ်ဘုရင်ဆိုတဲ့ အကောင်က အတော့်ကို လူပါးဝတာတဲ့”
“ဘယ်လိုလူပါးဝတာလဲ ဟ”
“ဘယ်လိုလဲဆိုတော့ တရုတ်အိမ်တအိမ်စီတိုင်းကို သူ့စစ်သား တဦးစီ ပို့ထားတယ်တဲ့၊ ပြီးတော့ သူ့စစ်သားတွေကို ကိုယ်အလေးချိန် ချိန်ထားတယ် တဲ့”
“ဘာဖြစ်လို့ ပေါင်ချိန်ထားတာလဲ ဟ”
“ဘာဖြစ်လို့ရမလဲဟ . . . သူ့စစ်သားရဲ့ ပေါင်ချိန် လျော့သွားပြီဆိုရင် အိမ်ရှင်တွေက ကောင်းကောင်းမကျွေးလို့ဆိုပြီး အိမ်ရှင်တွေကို ရိုက်နှက် နှိပ်စက်သတဲ့ ကွ”
“ဟေ . . .”
“အဲသည်တော့ တရုတ်မိသားစုတွေက ကိုယ်တွေကအငတ်ခံ၊ အိမ်ကစစ်သားကို အိမ်ဦးခန်းမှာ တင်ထားပြီး ဝက်ဆို ဝက်၊ အရက်ဆို အရက်၊ မိန်းမဆို မိန်းမ ပူဇော်ပသပြီး ဖူးဖူးမှုတ်ထားခဲ့ကြရတဲ့ ခေတ်ဆိုးကြီး ခေတ်ပျက်ကာလကြီးပေါ့ကွာ”
အဘစောမူးသာ၏ ဇာတ်လမ်းကား စိတ်ဝင်စားစရာ ကောင်းလှပါပေ၏။ ဖေကြီးတို့အားလုံး စိတ်ဝင်စားစွာ နားထောင်နေကြပါလေရာ သူက ဆက်ပြောပြပါလေ၏။
ဒင်းတို့ကို တော်လှန်ပုန်ကန်ဖို့ ဆိုတာကလည်း အိမ်တိုင်းမှာ စစ်သားတဦးစီရှိနေတော့ တိုင်ပင်ညှိနှိုင်းဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေပါတဲ့။ ဒါပေမယ်လို့ ‘အချိန်တန်’ တော့လည်း ဘီလူးသူရဲစီးနေတဲ့ ‘မင်းဆိုးမင်းညစ်’ ဟာ ပြုတ်ကျသွားခဲ့ရတာပါပဲ တဲ့။
နှစ်တနှစ်ရဲ့ တလမတော့ တရုတ်တို့ရိုးရာ ‘လမုန့်ပွဲတော်’ နေ့မှာ ရိုးရာထုံးတမ်းအတိုင်း လမုန့်တွေ အိမ်ပေါက်စေ့ ဝေကြပါသတဲ့။ အဲသည်လမုန့်က တရုတ်တို့အတွက် အရေးကြီးတဲ့ဓလေ့ ဖြစ်ပေမဲ့ မွန်ဂိုတွေကတော့ လုံးဝကို စိတ်မဝင်စားကြပါဘူးလို့ ဆိုပါတယ်။
အဲသည်နှစ်ကဝေတဲ့ လမုန့်ကလေးတွေထဲမှာပါတဲ့ ပိုးစအနီကလေးတွေပေါ်မှာ စာကလေးတကြောင်း ပါလာပါတယ်တဲ့။ ‘ဒီနေ့ည လထွက်ချိန်မှာ တော်လှန်ရေးစမယ်’ လို့ အချက်ပေးထားပါသတဲ့။
“ဟေ . . ဘယ်လိုများ တော်လှန်ရေး စကြမှာလဲကွာ”
“‘တော်လှန်ရေး’ ဆိုလို့ သိပ်အဝေးကြီးကို သွားနေစရာမလိုဘူး။ အနီးကပ်ဆုံးရန်သူကို တခါတည်း အပြတ်ရှင်းလိုက်ကြဖို့ပေါ့ကွ”
“ဟေ . . . ဘယ်လို . . . ဘယ်လို”
“အေး . . . ကိုယ့်အိမ်ဦးခန်းက အဓမ္မ ဖက်ဆစ်ကောင်ကို ကိုယ့်အိမ်ကဓားနဲ့ ပိုင်းချလိုက်ကြရုံပဲတဲ့ကွ . . . အာဟ . . . အာဟ”
ဖေကြီး (လေရှီး)