Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ်တွင် မီးလောင်
DVB
·
March 17, 2023
336790508_132954763052810_2299838803813113758_n

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဂန္ဓမာလမ်း၊ အမှတ် ၈၅၂ က လူနေ နှစ်ထပ်အဆောက်အဦတခုမှာ မတ်လ ၁၇ ရက် မနက် ၁၀ နာရီ ၄၉ မိနစ်လောက်က မီးလောင်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်ဆီက သိရပါတယ်။

အဆိုပါနေအိမ်မှာ အမျိုးသမီးငယ်တဦးနဲ့ အသက် ၆၅ နှစ်အရွယ် အဘွားတဦး လက်ရှိနေထိုင်‌နေတယ်လို့ သိရပြီး အဘွားတဦးတည်း နေအိမ်ကျန်ခဲ့တဲ့အချိန်မှာ သစ်သားအဆောက်အဦဖြစ်တဲ့ နေအိမ်အပေါ်ထပ်ကနေ ဝါယာရှော့ဖြစ် မီးလောင်ခဲ့တာပါ။

မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ် တထပ်လုံးနဲ့ အောက်ထပ် မီးဖိုခန်း၊ အိမ်ဘေးကပ်ရပ် တိုက်ခန်းက အဲကွန်းစက်တလုံး မီးလောင်ကျွမ်းသွားတယ်လို့ သိရပြီး လူထိခိုက်မှု မရှိတဲ့အပြင် တခြားနေအိမ်တွေ မီးကူးစက်မှု မရှိဘူးလို့ သိရပါတယ်။

“မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိပါဘူး။ နှစ်ထပ်ပျဉ်ထောင်အိမ်တလုံးမှာ အောက်ထပ်က နည်းနည်းပဲ လောင်သွားတယ်။ အပေါ်ထပ်က အကုန်လုံးလောင်ပါတယ်။ ဘေးအိမ် မီးမကူးဘူး၊ ဂန္ဓမာလမ်းမှာ လောင်တာပါ။ မိသားစုဝင်က ကောင်မလေးတယောက်နဲ့ အဘွားတယောက် နေတယ်လို့ ပြောတယ်။ ကောင်မလေးက နေအိမ်မှာ မရှိဘူး။ အဘွားက ဘေးကင်းပါတယ်” လို့ လူမှုကူညီရေးအသင်းတခုက ပြောပါတယ်။

အဲ့ဒီ မီးငြှိမ်းသတ်မှုကို မရမ်းကုန်းမြို့နယ် မီးသတ်ယာဉ် ၃ စီး၊ သမိုင်းမီးသတ်ယာဉ် ၂ စီး၊ မြန်မာမီးသတ်ဌာနချုက်က မီးသတ်ယာဉ်တွေ အပါအဝင် ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ မနက် ၁၁ နာရီ ၁ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုတန်ဖိုးကို စစ်ဆေးတွက်ချက်‌နေတယ်လို့ သိရပြီး ရန်ကုန်မှာ ၂၀၂၃ မတ်လ ၁၇ ရက်နေ့အထိ မီးလောင်မှု ၁၅ ကြိမ်အနက် ဝါယာရှော့ဖြစ်လို့ မီးလောင်ကျွမ်းမှု ၃ ကြိမ်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024