Home
မြန်မာသတင်း
အကယ်ဒမီမင်းမော်ကွန်း သြစတြေးလျတွင် နွေဦးတော်လှန်ရေးရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
March 17, 2023
479836-COVID-19-Mandalay-2-730x365

စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဆိုတော်နဲ့ သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းရဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေ ဂီတဖျော်ဖြေပွဲကို ဩစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ မတ်လ ၂၅ ရက်နေ့ ပြုလုပ်ဖို့ရှိနေပါတယ်။

ဂီတပွဲကရတဲ့ အနုပညာကြေးတွေကို MOD နဲ့ CDM အနုပညာရှင်တွေ၊ တောတောင်တွေထဲ နေပြီး အနုပညာနဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အနုပညာသည်တွေကို ထောက်ပံ့ကူညီပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလိုပွဲတွေ စီစဉ်ဖြစ်တဲ့အကြောင်း မင်းမော်ကွန်းက ပြောပါတယ်။

“ကျနော်က ဒီပွဲကရတဲ့ငွေတွေကို MOD ကို ၆၀ ရာခိုင်နှုန်းနဲ့ အရင်ပွဲတွေက လုပ်တဲ့အတိုင်း အနုပညာ CDM သမားတွေ ရှိပါတယ်၊ တောထဲတောင်ထဲတွေရော နောက် border line တွေမှာရော နေနေတဲ့သူတွေလည်း ရှိပါတယ်။ သူတို့အတွက်ကိုတော့ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကို ကူညီပြီး ဖြည့်ပေးချင်တဲ့ဆန္ဒနဲ့ပါ။ ရန်ပုံငွေပွဲတွေကိုလည်း ရံဖန်ရံခါ အကြောင်းတိုက်ဆိုင်တာတွေရှိရင် ဆက်ပြီးတော့ လုပ်သွားမှာပါ။”

အခုလို ပြည်ပနိုင်ငံမှာ တော်လှန်ရေးရန်ပုံငွေတွေရှာဖွေပေးဖို့ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတွေ ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး  အရင်တုန်းကလုပ်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲနဲ့ မတူဘဲ စိတ်ခံစားချက်တွေ အများကြီး ပြောင်းလဲသွားတယ်လို့ မင်းမော်ကွန်းက ပြောပါတယ်။

“အရင်တုန်းကကျတော့ ကျနော့်ကို သဘောကျလို့ လာအားပေးတဲ့ ကျနော့်ပရိသတ်တွေလို့ ခံယူထားတာပါ။ ဆုကြေးလာပေးရင် ပျော်ပြီး ကိုယ့်ကိုပေးတယ်လို့ ခံယူပြီး လက်ခံခဲ့တာပေါ့။ အခု တော်လှန်ရေးကာလမှာကျတော့ မုန့်ဖိုးဖြစ်ဖြစ် ဆုကြေးဖြစ်ဖြစ် လာပေးရင် ကျနော် မလိုချင်ဘူး၊ လက်မခံချင်ဘူး။ ဘာလို့လဲဆို ကျနော်က ဒီပွဲကို မင်းသားမင်းမော်ကွန်းအနေနဲ့ လာတာမဟုတ်ဘဲ တော်လှန်ရေး ထောက်ပို့တပ်သားတယောက်အနေနဲ့ပဲ လာဖျော်ဖြေတာဆိုတော့။ နောက်တခုက ပွဲကို လာအားပေးတဲ့ ပရိသတ်တွေကိုလည်း ကျနော့်ပရိသတ်ဆိုပြီး အကုန်လုံးကို မှတ်ယူလို့မရဘူး။ တော်လှန်ရေးကို လာအားပေးတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ထောက်ပို့တွေလို့ပဲ ကျနော့်ဘက်က လေးလေးစားစား ဆက်ဆံရတာ ဖြစ်ပါတယ်။”

မတ် ၂၅ ရက်မှာ ပြုလုပ်မယ့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ ဩစတြေးလျနိုင်ငံက ပြည်တွင်း အနုပညာရှင်တချို့လည်း ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး အစားအသောက်နဲ့ အမှတ်တရပစ္စည်း ဈေးရောင်းပွဲကိုလည်း ထည့်သွင်းပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

အဆိုပါ ဈေးရောင်းပွဲကရတဲ့ ငွေကြေးအားလုံးကိုလည်း တော်လှန်ရေးအတွက်ပဲ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ စတုတ္ထအကြိမ်မြောက် ဂီတဖျော်ဖြေပွဲကို ဩစတြေးလျနိုင်ငံ အနောက်ပိုင်း ပါ့သ်မြို့ Macedonia Cultureal Centre မှာ ညနေ ၅ နာရီကနေ ၉ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013