တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဖေဖော်ဝါရီလတုန်းက PDF ထောက်ပံ့သူတွေလို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးခဲ့တဲ့ဒေသခံပြည်သူ ၂၂ ယောက်ထဲက ၁၃ ယောက် မတ် ၁၄ ရက်က ပြန်လည် လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ပြည်သူ ၁၃ ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်နှိပ်စက်တာကို ခံခဲ့ရတယ်လို့လည်း သူတို့နဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။
ဒေသခံ တဦးက "ပြန်လွတ်လာတဲ့ လူတွေမှာဆို နှိပ်စက်ညှင်းပန်းခံထားရတာ တော်တော်ကို ဆိုးဝါးပါတယ်။ နှစ်ရက်ဆက်တိုက်နှိပ်စက်ခံရတာတဲ့။ အဘွားအိုတယောက်ကို PDF တယောက်ရဲ့ အမေဆိုပြီး ရိုက်နှက်ခံထားရတာ။ အခုစိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ အမျိုးသမီးတယောက်မှာဆို ဒဏ်ရာ ဒဏ်ချက်တွေ များပြီးတော့ သူ့နားတဖက်တောင် မကြားရတော့ဘူးတဲ့။ ပြီးတော့ နှိပ်စက်တုန်းကလည်း အမျိုးသမီးတွေမှာ ကာမ အကြမ်းဖက်ခံရတာတွေလည်း ရှိတယ်။ ဟိုကိုင်ဒီကိုင် လုပ်တယ်လို့ ပြောတယ်။ မေးတဲ့အချိန်မှာ PDF တွေကို ထောက်ပံ့လားဆိုတာကို ဟုတ်၊ မဟုတ်ဘဲ ဖြေရတယ်။ ရိုက်တဲ့သူ ရိုက်ပြီး မေးတဲ့သူက မေးတယ်"လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်တာကိုခံရသူတွေထဲတွင် အများစုမှာ အမျိုးသမီးတွေဖြစ်ပြီးတော့ ကာမအကြမ်းဖက်ခံရတာမျိုးတွေရှိခဲ့တယ်လို့လည်း ဒေသခံ တဦးက ပြောပါတယ်။
ဒါအပြင်ပြန်လည်လွတ်မြောက်လာတဲ့အမျိုးသမီးတစ်ဦးမှာလည်း ခန္ဓာကိုယ်အနှံအပြား မီးလောင် ဒဏ်ရာဒဏ်ချက်တွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။
ဒေသခံ ၁၃ ယောက်ကို ပြန်လည်လွှတ်ပေးလိုက်ပေမဲ့ ကျန်တဲ့အမျိုးသမီး ၉ ယောက်ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့တရား စွဲထားပါတယ်။
တနင်္သာရီမြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသ လည်း ဖြစ်ပါတယ်။