ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်း၊ တော်ဝင်ပလာဇာအနီး၊ ပုဇွန်တောင် ခုံးကျော်တံတားအဆင်းမှာ မတ်လ ၁၅ ရက် ည ၁၀ နာရီခွဲလောက်က ခရီးသည်ပါ ဆိုက်ကားနဲ့ ကားတစီး တိုက်မိခဲ့တာကြောင့် လူသေဆုံးမှုဖြစ်ခဲ့ပြီး ကားကို မောင်းပြေးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုက်ကားနင်းသူ အသက် ၄၀ အရွယ် မသန်စွမ်းအမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဆိုက်ကားပေါ်ပါ ခရီးသည် ကျား ၁ ဦး ဒူးကွဲ၊ မ ၁ ဦး ခေါင်းပေါက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးသွားသူ ဆိုက်ကားဆရာဟာ မွေးရာပါ ခြေထောက်တဖက် ချို့တဲ့နေလို့ ခြေတုတပ်ထားရသူဖြစ်ပြီး ဆိုက်ကားမှာ ဘက်ထရီ ၆ လုံး၊ မော်တာတပ်ဆင် မောင်းနှင်နေတာပါ။
ဆိုက်ကားဆရာ ဦးခေါင်းပြင်းထန်ဒဏ်ရာ ရရှိနေတာကြောင့် လူနာတင်ယာဉ်နဲ့ အနီရောင်အဆင့်သတ်မှတ် ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပြီး အမျိုးသမီးနဲ့ ကလေးငယ်တဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာတောင်ညွန့်အခြေစိုက် လူမှုကူညီရေးအသင်းတခုက “ဆိုက်ကားသမားကို တိုက်မိတယ်၊ လဲနေတယ်လို့ ရပ်ကွက်ကပြောလို့ သွားကယ်ဆယ်ခဲ့ပါတယ်။ သူက ခေါင်းနဲ့ ပလက်ဖောင်းနဲ့ ဆောင့်ထားတော့ သွားကတည်းက အနီရောင်အဆင့်ပေါ့။ ဆေးရုံရောက်တော့ ကွယ်လွန်သွားပါပြီ။ မွေးရာပါ ခြေမသန်ဘူး၊ ခြေတဖက် အတိုပေါ့။ ခြေထောက်အတုနဲ့ ဘက်ထရီနဲ့သွားတဲ့ ဆိုက်ကားပါ။ ကျန် ၂ ဦးက ပါဆင်ဂျာတွေ၊ သူ့ဆိုက်ကား စီးနေကျတွေ။ ဒူးကွဲ ခေါင်းပေါက်လောက်ပါပဲ။ ဆိုက်ကားက ဘက်ထရီတုံး ၆ တုံးကို ဖြုတ်ပြီးတော့ သူ့ရဲ့အမျိုးသမီးကို ပေးခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးတယောက် ကျန်ခဲ့တယ်” လို့ ပြောပါတယ်။
အဲ့ဒီည ၁၀ နာရီကျော်က ခရီးသည်ပို့ဆောင်ပေးနေရင်း ကားကဝင်တိုက်ခဲ့တာလို့ သိရပြီး ကားက မောင်းပြေးသွားတာကြောင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။