Home
မြန်မာသတင်း
ရေစကြိုနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးရွာ တိုက်ခိုက်ခံရ
DVB
·
March 16, 2023
335691752_1273904223335652_5893910568886188710_n
335700273_559176449528754_3313932675676751619_n
335479083_430967575902806_3715367068747830333_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားက စစ်ကောင်စီတပ်သား အပြောင်းအလဲလုပ်တဲ့ စာရွက်စာတမ်းတွေကို သယ်လာတဲ့ ဒိုင်နာကားကို လုံခြုံရေးယူပြီး ရှေ့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ကို  မနေ့ညနေ ၃ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရေစကြို-ချောင်းဦးကားလမ်းနဲ့ ရထားသံလမ်းကြားက မအူပန်းခြံနားမှာ အနီးကပ် တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

“ကျနော်တို့ဘက်က နာရီဝက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေကို မအူစခန်းက ဒိုင်နာကားနဲ့ ခလရ ၂၅၈ တပ်ရင်းထဲကို သယ်သွားကြတယ်။ မအူရဲစခန်းနဲ့ နီးတဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး မြေပြင်စစ်ကူတွေ လိုက်လာလို့ ပြန်ဆုတ်တဲ့အချိန်မှာ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရရှိပေမဲ့ ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘဲ ဆေးဝါးကုသမှု ခံယူနေတယ်။”

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူခရိုင် အမှတ်-၉ တပ်ရင်းနဲ့ Super Fighter ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မတ် ၁၅ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ပျူစောထီးရွာ ၁ ရွာ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပေါက် PDF တပ်ရင်း-၄ ကနေ သိရပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းက သနပ္ပစင်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းကို မတ် ၁၅ ရက် မနက် ၈ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတာလို့ ပေါက် PDF တပ်ရင်း-၄ ရဲ့ တာဝန်ခံ ဗိုလ်ငသွေးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး ပိတ်မိနေတာကြောင့် လေကြောင်းပစ်ကူ ခေါ်ယူတဲ့အတွက် Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့  လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်ဟာ သနပ္ပစင်းကျေးရွာ ပတ်ချာလည်ကို ၅ ကြိမ်လောက် ကျည်ကုန်တဲ့အထိ ပစ်ခတ်ခဲ့လို့ သူတို့လူတွေကို ထိတယ်လို့တော့ သတင်းကြားတယ်။ စစ်ကောင်စီစစ်ကြောင်းက သူတို့တပ်စွဲထားတဲ့ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ဗိုလ်ငသွေးက ပြောပါတယ်။

ပေါက်မြို့နယ်မှာမြောက်ပိုင်းကို ထိရင် တောင်ပိုင်းကကြွတယ်ဆိုတဲ့သဘောနဲ့ ဒီးတုတ်ကွင်း ပျူစောထီးရွာကို ညနေ ၄ နာရီလောက်က King Fighter တပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ အလုံး ၄၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024