ရန်ကုန်မြို့မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လူငယ်တွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီး ကျပ်ငွေ ၂ သိန်းနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အခုလ ပထမပတ်လောက်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေသာမက ကမာရွတ်မြို့နယ်လို မြို့တွင်းပိုင်းကျတဲ့ ရပ်ကွက်တွေအတွင်း ဝင်ရောက်ကင်းလှည့်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ရပ်ကွက်အတွင်းမှာ ညပိုင်း ဖြတ်သန်းသွားလာသူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးနေတာပါ။
အင်းစိန်မြို့ခံတဦးက “ရပ်ကွက်တွေထဲဝင်ပြီး လမ်းထိပ်မှာထိုင်နေတဲ့ လူငယ်တွေ၊ လမ်းသွားလမ်းလာလုပ်နေတဲ့ လူငယ်တွေကို ဖမ်းနေကြတာ။ နောက်နေ့ကျတော့ တယောက်ကို ၂ သိန်းနဲ့ ပြန်ရွေးပါဆိုပြီး ငွေညှစ်တယ်။ အခုနောက်ပိုင်း လူတွေကိုပဲ လိုက်ဖမ်းနေတာ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၇ ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ယာ လမ်းထိပ်မှာလည်း မတ်လ ၁၅ ရက် ညပိုင်းက အရက်သောက်နေတဲ့ လူအုပ်စုတွင်းက အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလလောက်အထိ ရန်ကုန်မြို့မှာရှိတဲ့ ဆိုင်ကယ်စီးနင်းသူတွေကို နေ့စဉ် ဖမ်းစီးတာတွေ ပြုလုပ်ခဲ့ပြီး သူတို့နဲ့ နီးစပ်သူတွေကတဆင့် ဆိုင်ကယ်တွေကို ပြန်လည်ရောင်းချပြီး ငွေရှာခဲ့ပေမဲ့ အခုအခါ လူတွေကိုပဲ ဖမ်းဆီးပြီး ငွေရှာတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။