ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးအမှတ် ၁ တံတားမှာ မယ်ဆိုင်ဘက်ကနေ ဆိုင်ကယ် ၂ စီး မှောင်ခိုသယ်ဆောင်လာတဲ့ မှန်လုံကား ၂ စီးကို ထိုင်းအာဏာပိုင်တွေက မတ်လ ၁၅ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းကနေ မြန်မာနံပါတ်နဲ့ မှန်လုံယာဥ် ၂ စီးနဲ့ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားကနေ မြန်မာနိုင်ငံသားနှစ်ယောက်က ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို ဝင်ရောက်လာခဲ့ပါတယ်။
ဒီနောက်ကားတစီးပေါ်မှာ ဆိုင်ကယ်တစီးစီ မှောင်ခိုတင်ဆောင်ကာ အသီးအနှံတွေနဲ့ဖုံးအုပ်ပြီး ချစ်ကြည်ရေးတံတားကနေ မြန်မာဘက်ခြမ်းကို ပြန်လည်ဝင်ရောက်စဥ် တာဝန်ကျ ထိုင်းအာဏာပိုင်တွေက စစ်ဆေးခဲ့ရာမှာ အဆိုပါကားနှစ်စီးက မယ်ဆိုင်ဘက်ကို ပြန်လည်မောင်းနှင်ခဲ့တဲ့အတွက် လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ချစ်ကြည်ရေးတံတားနဲ့ ၁ ကီလိုခန့်အကွာက မီးပွိုင့်တခုမှာ ထိုင်းအာဏာပိုင်တွေက အဲဒီကားနှစ်စီးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှာတော့ ကားတစီးစီရဲ့ နောက်ခန်းမှာ တရားမဝင် ဆိုင်ကယ်နှစ်စီးကို အသီးအနှံတွေနဲ့ ဖုံးထားတာကိုတွေ့ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ်နဲ့ အသက် ၃၄ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားနှစ်ဦးကို စစ်ဆေးရာမှာ မယ်ဆိုင်ကနေ တာချီလိတ်အထိ အရောက်ကို တစီးကို ထိုင်းဘတ်ငွေ ၄,၀၀၀ ရရှိတဲ့အတွက် ခိုးပြီး တင်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ယာဥ်မောင်းနှစ်ဦးကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မယ်ဆိုင်ရဲစခန်းကို ပို့ဆောင်ထားပြီး အလားတူဖြစ်ရပ်မျိုးတွေ ထပ်မံဖြစ်မလာစေရေး နယ်စပ်ဖြတ်သန်းခွင့်တွေကို တင်းကျပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Maesaipress