ြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၁၃၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၃၆၈ ယောက်ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၅၀၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၀၆၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာအနီး တောင်ကုန်းပေါ်က စစ်ဘေးရှောင်စခန်းတခုကို အကြမ်းဖက်စစ်အုပ်စု တပ်မ ၆၆ က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အသက် ၇၈ နှစ်အရွယ် ဦးလှငြိမ်းနဲ့ အသက် ၈၁ နှစ်အရွယ် ဒေါ်မူလူးတို့ ဇနီးမောင်နှံကို တဲနဲ့အတူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၅ နှစ်အရွယ် မောင်ကျော်ဟူးနဲ့ အသက် ၄၅ နှစ်အရွယ် ဦးသန်း အောင်တို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မတ် ၁၃ ရက် နောက်တနေ့မှာတော့ အကြမ်းဖက်စစ်အုပ်စုတပ်က စစ်ကြောင်းပြန်လည်ထွက်ခွာခဲ့ပြီးနောက် စစ် ဘေးရှောင်စခန်းထဲမှာ သူတို့ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။