ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာလေးအနီးမှာ လွန်ခဲ့တဲ့တနှစ်ကျော် ခရစ္စမတ်အကြိုနေ့က ကမ္ဘာသိဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ် အစုလိုက်အပြုံလိုက် ဖမ်းဆီးမီးရှို့သတ်ဖြတ်မှုမှာ သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေဟာ တရားမျှတမှုရရှိရေးအတွက် မျှော်လင့်စောင့်စားနေကြပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖရူဆိုမြို့နယ်အတွင်းက မိုဆိုကျေးရွာနဲ့ ကွိုင်ငံရွာချင်းဆက်လမ်းမှာ ဖြတ်သန်းသွားလာသူ ကလေးငယ် အပါအဝင် လူပေါင်း ၄၀ လောက်ကို စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်လောက်ခံ ခြေမြန်တပ်ရင်းအမှတ် ၁၀၈ ကနေပြီး ဖမ်းဆီးကာ မော်တော်ယဉ်တွေနဲ့အတူ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တာပါ။
ဒီကြေကွဲဖွယ်ရာဖြစ်ရပ်ဟာ မြန်မာပြည်မှာစစ်ကောင်စီတပ်ကျူးလွန်းခဲ့တဲ့ ဆိုးရွားလွန်းတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုပေါင်းများစွာထဲက တခုဖြစ်ပြီး ဒီဖြစ်စဉ်မှာ ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေဟာလည်း လက်ရှိအချိန်မှာ တကွဲတပြား ရောက်ရှိနေသလို တချို့တွေကတော့ စစ်ရှောင်ဘဝနဲ့ ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
မိုဆိုရွာဖြစ်စဉ်မှာပါဝင်တဲ့ မိသားစုဝင်တချို့နဲ့ အဆက်အသွယ်ရနေသေးတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက “သူတို့ အခု တော်တော်ပြန့်ကျဲပြီးတော့မှ အခုနောက်ပိုင်း တချို့ ထိုင်းနယ်စပ်ဘက် ရောက်သွားတယ်။ တချို့ကတော့ လုံးဝကို ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ နေလိုက်တဲ့ အုပ်စုတွေရှိတယ်။ တချို့ကျတော့ သူတို့နဲ့ ချိတ်ဆက်လို့ရသေးတဲ့သူ ရှိတယ်။ အဲလို အိုင်ဒီပီအနေနဲ့ ကျန်ခဲ့တဲ့ Case တွေလည်းရှိတယ်။ အဲဒီဟာကတော့ သူတို့ တော်တော်ကျပ်တည်းပါတယ်။ ကျနော်တို့ကလည်း နိုင်သလောက် တချို့ ချိတ်ဆက်ပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့လည်း အိုင်ဒီပီရောက်သွားတော့ စားစရာမရှိ ပိုပြီးတော့ ခက်ခဲတဲ့ အခြေအနေတခုတော့ ရောက်သွားတာပေါ့။ အဓိကကတော့ သူတို့ကလေးတွေ စားဖို့သောက်ဖို့၊ ကျောင်းနေအရွယ်ကလေးတွေ အဝတ်အစားဝတ်ဖို့ ခက်ခဲနေပါတယ်” လို့ ပြောပြပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က ဖြစ်စဉ်မှာ မီးလောင်ထားတဲ့ ရုပ်အလောင်း ၃၁ ခုကို အသေးစိတ် ခွဲစိတ်စစ်ဆေး အတည်ပြုချက်အရ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၅ ဦးဖြစ်ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့က အချက်အလက်တွေအရ သိရပါတယ်။ အဲဒီထဲမှာ အသက် ၁၅ နှစ်အောက် မိန်းကလေးတဦး ပါဝင်နေပါတယ်။
အာဏာသိမ်းပြီးစကနေ ဒီကနေ့အချိန်အထိလည်း ကရင်နီ (ကယား) ပြည်နယ်ဒေသတွေမှာ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ခြေလျှင်စစ်ဆင်ရေးအပြင် လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေ့စဉ်နဲ့အမျှ ဒေသခံတွေ၊ စစ်ရှောင်တွေရှိရာကို ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
အခု ၂၀၂၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်မှာ စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆိုမြို့နယ် ချယ်ရီကုန်းကျေးရွာက အပ်ချုပ်ဆိုင်လေး ဖွင့်လှစ်ထားတဲ့ စစ်ရှောင်မိသားစုဝင် နေအိမ်ပေါ် ကျရောက်ပြီး အမျိုးသမီးဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးရသလို အမျိုးသားမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်ကြီးကျတဲ့ အချိန်ဟာ သူတို့ ညနေစာစားနေတဲ့အချိန်ဖြစ်တဲ့ သက်သေအထောက်အထားတွေလည်း ရှိနေပါတယ်။
ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး မော်တော်ယာဉ်တွေနဲ့အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့မှု အပါအဝင် စစ်ကောင်စီက ဒီလို နေ့စဉ်နဲ့အမျှ လူထုတွေကို တိုက်ခိုက်နေတာဟာ နိုင်ငံတကာ ရာဇဝတ် ဥပဒေပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ရောမဥပဒေအရ စစ်ပွဲအတွင်း လူတွေကို ဆန္ဒအလျောက် သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းတာ၊ စစ်ရေးအရမလိုအပ်ပဲ ပိုင်ဆိုင်မှုပစ္စည်းတွေကို ဖျက်ဆီးတာ၊ အရပ်သားတွေကို တိုက်ခိုက်တာ၊ အကာအကွယ်မရှိတဲ့၊ စစ်ရေးစစ်ရာ အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ ရည်ရွယ်မထားတဲ့ မြို့၊ ရွာ၊ နေအိမ်တွေကို ဘယ်နည်းနဲ့မဆို တိုက်ခိုက်မှု ကျူးလွန်တာတွေဟာ ပြစ်မှုမြောက်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ အဖြစ် သတ်မှတ်ထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာလည်း “နိုင်ငံသား၊ လူမျိုး၊ ဇာတိ မျိုးနွယ်တူလူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စု တခုလုံးကို သို့မဟုတ် အစိတ်အပိုင်းတရပ်ကို ဖျက်ဆီးရန်” ရည်ရွယ်ချက်နဲ့ လုပ်ရပ်ငါးမျိုးထဲက တမျိုး သို့မဟုတ် တမျိုးထက်ပိုတဲ့ လုပ်ရပ်တခုခုကို ကျူးလွန်တဲ့အခါ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စီရင်နိုင်တဲ့ခုံရုံး ဖြစ်ပါတယ်။
နိုင်ငံတကာတရားရုံးတွေက ဘာတွေလုပ်ဆောင်နေလဲ
ဒီဆိုးဝါးလွန်းတဲ့ မိုဆို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံတဝန်းက ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အထူးသဖြင့် စစ်တပ်က ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေဖြစ်စဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ရဲ့ လူ့အခွင့်အရေးဌာနနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပူးပေါင်းပြီး ဩစတြေးလျနိုင်ငံက နိုင်ငံတကာတရားစီရင်ရေး အောက်မှာရှိတဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ ဒီအမှုကို ဩစတြေးလျနိုင်ငံ တရားရုံးက ပြန်လည်လေ့လာမှုတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ် ရှိနေပါတယ်။
ဒါ့အပြင် ကမ္ဘာတဝန်းရှိ ပြည်တွင်းတရားရုံးတွေမှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို လက်ခံထားတဲ့ နိုင်ငံတချို့ကလည်း မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစပြီး ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို စတင် စစ်ဆေးနိုင်စေရေးအတွက် မတူကွဲပြားတဲ့ တိုင်းရင်းသားအုပ်စုကနေ လွတ်မြောက် ကျန်ရစ်သူတွေနဲ့ သက်သေတွေက Fortify Rights ရဲ့ ထောက်ပံ့ကူညီမှုနဲ့ ဂျာမနီအာဏာပိုင်တွေဆီကို မကြာသေးခင်ကပဲ တောင်းဆိုတင်ပြခဲ့ပါတယ်။
ဒါ့အပြင် Myanmar Accountability Project ကလည်း နှိပ်စက်ညှဥ်းပန်းမှု အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံနေရတဲ့ စစ်တပ်ကို အရေးယူဆောင်ရွက်နိုင်စေဖို့ တူရကီနိုင်ငံမှာ တရားစွဲဆိုမှု စတင်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကလည်း နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တရားစွဲဆိုနိုင်ဖို့ တရားရေးဆိုင်ရာ စည်းမျဥ်းတွေကို ပံ့ပိုးပေးနေတဲ့အပြင် အာဏာသိမ်းစစ်အုပ်စုကို ဖိလစ်ပိုင်နိုင်ငံမှာ အလားတူ ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
ကုလသမဂ္ဂကဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း မိုဆိုဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်တွေကိုလည်း မှတ်တမ်းတွေ ပြုစုနေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Nicholas Kaumjinan ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခု ဒီဇင်ဘာ ၂၃ ရက်နေ့က ဖရူဆိုမြို့နယ် မိုဆိုရွာအနီးရှိ လမ်းမပေါ်မှာ ကလေးအပါအဝင် လူ့အသက် ၃၀ ကျော် အသတ်ခံရတဲ့ဖြစ်စဉ် ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားဟာ မိုဆိုအမှု အပါအဝင် မြန်မာနိုင်ငံတဝန်း ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု အချက်အလက်တွေကို စုဆောင်း စိစစ်သုံးသပ်ပြီး ပြစ်မှုကျူးလွန်သူတွေ တနေ့နေ့မှာ တရားရင်ဆိုင်ရစေဖို့ အားစိုက်လုပ်ဆောင်နေကြောင်း ပြောဆိုထားပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်က ကြေကွဲဖွယ်ရာဖြစ်ရပ် ဖြစ်ပွားချိန်ကစပြီး မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အထောက်အထားတွေ စုဆောင်းခြင်းနဲ့ သုံးသပ်ခြင်းမှာ အနောက်ဘက် ရခိုင်ပြည်နယ်နဲ့ အရှေ့ဘက် ကယားပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ထောင်ချမှု၊ ပြင်နှင်ဒဏ် သို့မဟုတ် အတင်းအကျပ်ရွှေ့ပြောင်းခြင်း စတဲ့ အထောက်အထားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအထောက်အထားတွေကို စုဆောင်းထားတာဟာ ကျူးလွန်သူတွေကို တရားစွဲဆိုမယ့် တရားရုံးတွေမှာ အသုံးပြုနိုင်ဖို့ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
နိုင်ငံတကာတရားရုံးကနေ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ
ဒီလို လူ့အခွင့်အရေးတွေ အပါအဝင် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ အရေးယူ ဆောင်ရွက်နိုင်ဖို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတဆင့် တရားစွဲဆိုဖို့ လွှဲပြောင်းပေးမှသာ ရနိုင်တဲ့အခြေအနေရှိပါတယ်။ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ ICC မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်မဟုတ်တာကြာင့် မြန်မာနိုင်ငံတွင်းမှာ ဒီလို တရားစီရင်ရေးတွေ လုပ်ဆောင်နိုင်မယ့် အခြေအနေ မရှိပါဘူး။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အရဆိုရင်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂ နိုင်ငံကြားမှာ ဖြစ်ပွားတဲ့ အငြင်းပွားမှုတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ အသိအမှတ်ပြုထားတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်၊ စာချုပ်စာတမ်း၊ ကြေညာချက်တွေ ချိုးဖောက်မှုဖြစ်တဲ့ အချိန်မှာ တရားစွဲရတဲ့ နိုင်ငံတကာအဆင့် တရားခုံရုံး ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာဖြစ်တဲ့ ချိုးဖောက်မှုကို စာချုပ်အဖွဲ့ဝင်နိုင်ငံတနိုင်ငံကနေ တရားစွဲဆိုလို့ ရနိုင်ပေမဲ့ ချိုးဖောက်မှုဖြစ်စဉ်ကိုသာ တရားစွဲဆိုလို့ရတဲ့ အနေအထားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားစီရင်ရေး ရရှိနိုင်ဖို့ လက်ရှိ အချက်အလက်တွေ စုဆောင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း မြန်မာ့ပြည်တွင်းစစ်ပြတိုက်အဖွဲ့ရဲ့ သုတေသီ ကိုရဲဟိန်းအောင်က ပြောပါတယ်။
“ကျနော်တို့ ဖရူဆို case ကိုပဲ ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ တရားစီရင်မှုကို ရရှိနိုင်ဖို့အတွက် ဆိုရင်တော့ IIMM နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ကျနော်ထင်တာ အဲ့လမ်းကြောင်းကနေ တဆင့်သွားလို့ရတာပေါ့နော်။ IIMM ကတော့ သူက ဗမာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံတကာအဆင့် ရာဇဝတ်မှုတွေကို တရားခုံရုံးတွေ ပေါ်လာတဲ့အထိ အချက်အလက်တွေ စုဆောင်းတာ၊ သက်သေတွေ စုဆောင်းတာ၊ အမှုတည်ဆောက်တာ၊ case file တွေဖွင့်တာ အဓိက လုပ်နေတာပေါ့နော်။ အဲဒီမှာမှ ICJ, ICC, Universal jurisdiction (အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်) အရ ပေါ်လာမယ့် ခုံရုံးတွေ၊ သို့မဟုတ် အထူးတရားရုံးလို့ခေါ်တဲ့ act for tribunal တွေ ပေါ်လာတဲ့ အခါကျရင် ဒီအမှုတွေကို လွှဲတင်ပြီး ဒါတွေကို စစ်ဆေးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”
ဒါပေမဲ့ လက်ရှိအခြေအနေမှာ ရိုဟင်ဂျာအရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံတကာအဆင့် ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာတရားရုံးဖြစ်တဲ့ ICJ, ICC နဲ့ Universal jurisdiction တွေမှာ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ တရားစီရင်မှုတွေဟာ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် ကြန့်ကြာတယ်လို့လည်း ကိုရဲဟိန်းအောင်က ပြောပါတယ်။
“နိုင်ငံတကာအဆင့် တရားရုံးတွေရဲ့ ထုံးစံအတိုင်းသော်လည်းကောင်း၊ legitimacy အရသော် လည်းကောင်း ကျနော်တို့က ကြန့်ကြာမယ့်သဘော ရှိတယ်။ မြန်နိုင်မယ့်နည်းလမ်း တခုကတော့ လက်ရှိ မြန်မာစစ်တပ်ရဲ့ ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီကနေတဆင့် အိုင်စီစီကို တန်းလွှဲရင်တော့ ဒါသည် မြန်နိုင်တဲ့ နည်းလမ်းတခု ဖြစ်တယ်။ ဒါပေမဲ့ အဲဒါသည် ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ သိပ်မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာလည်း ရှိနေတဲ့အခါကျတော့ အဲဒါလည်း ဖြစ်လာနိုင်ဖို့ကတော့ ခဲယဉ်းတဲ့အနေအထားမှာ ရှိနေတာပေါ့နော်။ အဲတော့ နိုင်ငံတကာအဆင့် တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်တွေကတော့ ကျနော်တို့က ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်နေရမှာဖြစ်ပေမဲ့ ပြည်သူတွေ အရမ်းမျှော်လင့်သလို မျက်စိတမှိတ်အတွင်း ဖြစ်လာနိုင်ဖို့ကတော့ သိပ်မရှိဘူး။ အနည်းဆုံး နောက်ထပ် ICC တို့ ICJ တို့မှာ နောက်ထပ်အဆင့်တွေ တိုးဖို့ဆိုရင် နောက်ထပ် နှစ်နှစ် သုံးနှစ်လောက်တော့ အနည်းဆုံး ကြာဦးမယ်။ ဒါ အဆင့်တိုးဖို့ပြောတာ။ final အဆင့်ရောက်ဖို့ မဟုတ်သေးဘူး။ အဲလိုသုံးသပ်လို့ ရပါတယ်။”
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင်း ဒေသအသီးသီး၊ လူမျိုးနွယ်စုအသီးသီးက လူ့အခွင့်အရေးအဖွဲ့တွေ၊ အန်ယူဂျီအစိုးရရဲ့ လူ့အခွင့်အရေးဌာန အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့လို အဖွဲ့တွေလည်း မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုအမျိုးမျိုးတွေကို မှတ်တမ်းယူပြီး နိုင်ငံတကာအဆင့် တရားစီရင်ရေး သွားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။
ဒီလို နိုင်ငံတကာအဆင့် တရားရုံးအဆင့်မှာ သွားနိုင်ဖို့ ကြန့်ကြာနိုင်ပေမဲ့ လက်ရှိ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကတောင် ကျူးလွန်သူတွေဘက်က တုန်လှုပ်ချောက်ချားနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ကိုဗညားကတော့ ပြောပါတယ်။
“လက်ရှိအခြေအနေမှာ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တယ် ဆိုပြီးတော့မှ လောလောဆယ် ပိတ်ဆို့ခြင်းခံရတဲ့လူတွေတောင်မှ စစ်ဘက်ပိုင်းဆိုင်ရာ လူတွေတောင်မှ ကြောက်ရွံ့မှုဒဏ်ကို ခံနေရပြီလေနော်။ ဒါတောင် ပိတ်ဆို့အရေးယူတာပဲ ရှိသေးတယ်။ အကယ်၍ တရားစွဲပြီးတော့မှ စီရင်ချက်ချမယ်ဆိုဆိုရင် သေချာတာတခုကတော့ ပြေးပေါက်မရှိတော့ဘူးဆိုတာ သူတို့ကသိသွားပြီ။ အဲတော့ ပိုပြီးတော့မှ သူတို့အတွက်က ကယောင်ချောက်ချားတွေလည်း ဖြစ်နိုင်တယ်။ လူထုတွေအတွက်က အင်အားတရပ် ဖြစ်သွားတယ်။ အဲဒါကြောင့်မို့ လူထုတော်လှန်ရေးက ပိုပြီး မြန်မြန်ဆန်ဆန်ပြီးတော့မှ သူတို့နဲ့အတူ ပါဝင်နေတဲ့ တပ်ဗိုလ်၊ တပ်မှူး အကြီးတွေကလည်း သူတို့နဲ့အတူ ကြံရာပါမဖြစ်ရလေအောင် တစုံတရာ သူတို့လုပ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။”
လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ မိုဆိုရွာဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့ရသူတွေရဲ့ မိသားစုတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝမယ့်အချိန်ကတော့ လက်တတလော နေ့ချင်းညချင်းရောက်လာဖို့ မလွယ်ကူသေးပဲ နှစ်ပေါင်းများစွာ အချိန်ယူရဦးမှာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂစီစဉ်တဲ့ တရားရုံးမှာ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်အရ တရားစွဲခဲ့ရာမှာ အပြစ်ကျူးလွန်တဲ့ ခမာနီအစိုးရ ခေါင်းဆောင်တွေကို နှစ်ပေါင်း ၄၀ လောက်ကြာမှ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းဥပဒေတွေမှာ ကာလ ကန့်သတ်ချက်ရှိပေမဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူ အသက်ရှင်နေသရွေ့ တရားစွဲလို့ရတယ်လို့ ကုလစုံစမ်းစစ်ဆေးအဖွဲ့ IIMM အကြီးအကဲ မစ္စတာ နီကိုးလပ်စ်ကွန်ဂျန်းက ဒီဗွီဘီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုခဲ့ဖူးပါတယ်။
“လူသားမျိုးနွယ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတို့၊ စစ်ရာဇဝတ်မှုတို့၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကာလကန့်သတ်ချက် မရှိပါဘူး။ ဒါက နိုင်ငံတကာဥပဒေရဲ့ အလွန်အရေးပါတဲ့ အခြေခံမူဖြစ်ပါတယ်။ နည်းနည်းထပ်ရှင်းပြချင်ပါတယ်။ ပြည်တွင်းဥပဒေတွေမှာ ကာလ ကန့်သတ်ချက်ရှိပါတယ်။ ရာဇဝတ်မှု တစ်ခုကို တရားစွဲတဲ့ အခါမှာ ကျူးလွန်ပြီး ၁၀ နှစ် ဒါမှမဟုတ် နှစ် ၂၀ အတွင်း စွဲရမယ်လို့ ကန့်သတ်ထားတတ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာတော့ ကျူးလွန်သူ အသက်ရှင်နေသရွေ့ တရားစွဲလို့ရပါတယ်။”
ဘယ်လိုပဲဖြစ်ဖြစ် မိုဆိုရွာဖြစ်စဉ်လို အဖြစ်ဆိုးတွေ မြန်မာပြည်မှာသာမက ကမ္ဘာ့ကြီးရဲ့ ဘယ်နေရာ ဘယ်အရပ်မှာမှ ထပ်မံမဖြစ်ပွားစေဖို့အတွက် ဒီလိုလူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေမ ကျူးလွန်အောင်တားဆီးဖို့၊ ဒီလိုစစ်ရာဇဝတ်မှုမျိုးကိုတွေကို ရပ်တန့်ဖို့၊ ပြစ်မှုကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူဖို့နဲ့ ထိခိုက်နစ်နာ ဆုံးရှုံးခံစားခဲ့သူတွေအတွက် စစ်မှန်တဲ့တရားမျှတမှု ရရှိဖို့ဆိုတာကတော့ ကမ္ဘာသူကမ္ဘာသား လူ့အဖွဲ့အစည်း အားလုံးမှာလည်း တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်။