Home
ဆောင်းပါး
အနောက်ရိုးမပေါ်က ခေတ်သစ်နွားမောင်းသမများ
DVB
·
March 15, 2023
article 1

ပီနံအိတ်အဖြူရောင်ကို ပုဆိုးစုတ်နှင့် ကျောကိုင်းကြိုးတပ် လက်လုပ်ကျောပိုးအိတ်ကို လွယ်ထားသည်။ အိတ်ထဲမှာ ဒန်အိုးငယ်တလုံး၊ ဆန်အနည်းငယ်၊ ဆီ ၂၅ ကျပ်သားခန့်ကို ရေသန့်ဘူးအသေးနှင့် ထည့်ထားသည်။ ဟင်းချို့မှုန့်အနည်းငယ်နှင့် ဆားတထုပ်လည်း အိတ်ထဲတွင်ရှိနေသည်။ ညစ်ပတ်ပေရေနေသည့် သောက်ရေဘူးတဘူးတို့ကို ကျောမှာလွယ်ထားပြီး ဝါးခြမ်းပြားကိုင်ထားသည့် အမျိုးသမီးတချို့ကို ယခုရက်ပိုင်း ခပ်စိပ်စိပ် တွေ့မြင်ရသည်။ တချို့အမျိုးသမီးများက ခါးမှာ ဓားမြှောင်တချောင်းကို စစ်ခါးပတ်နှင့်တွဲလျက် ပတ်ထားသည်။ သူတို့ကတော့ အိမ်ထောင်ရှင်အမျိုးသမီး ၁၀ ဦးပါသည့် အနောက်ရိုးမကို ဖြတ်ကျော်မည့် နွားမောင်းသူ ၂၅ ယောက်အဖွဲ့ ဖြစ်သည်။

ဘောင်းဘီတိုပွပွအောက်ခံက အပေါ်က ထပ်ဝတ်ထားတဲ့ထဘီထက် ရှည်ထွက်လို့နေသည်။ နွားတကောင်ကို ရှေ့ကထားကာ တကောင်ကို နောက်ကဆွဲလို့ နွားကို ဝါးခြမ်းပြားဖြင့် တဖြန်းဖြန်းရိုက်ကာ ရှေ့ဆုံးကဦးဆောင်သူ နွားမောင်းသမားကို လူရော နွားပါ အမီလိုက်မောင်းနေကြသည်ကို တွေ့ရသည်။

ရိုးမကျော်မည့် နွားမောင်းသမများသည် မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်ထဲက ကျေးရွာတချို့မှာ နေထိုင်သူများဖြစ်သည်ဟု သိရသည်။ ခေတ်အဆက်အဆက် ရခိုင်ရိုးမကို ဖြတ်ကျော်သည့် နွားမောင်းသမား အမျိုးသားများသာရှိခဲ့ပြီး စစ်အာဏာသိမ်းပြီး ၂ နှစ်ခန့်အကြာတွင် ယခင်က မရှိဘူးသည့် ရိုးမကျော် အမျိုးသမီးနွားမောင်းသမများ ရှိလာခြင်းဖြစ်သည်။

အမျိုးသမီး နွားမောင်းသမားများသည် ပေအားဖြင့် ခန့်မှန်းရန်ခက်သည့် ဒူးနှင့် မျက်နှာထိလုမတတ် နေ့ဝက်ခန့်တက်ရသည့် တောင်တန်းတွေရှိတဲ့ အနောက်ရိုးမကို ၆ ညအိပ် ၇ ရက်အကြာ သွားပြီးမှ  ရခိုင်ပြည်နယ် တောင်ကုတ် လမူးရွာကို ရောက်သည်ဟု သိရသည်။

စုရပ်ဖြစ်တဲ့ရွာကနေ မနက်စောစော လမ်းမြင်ချိန်မှ စထွက်ရသည့် ခရီးသည် မှောင်ရီပျိုးသည့် အချိန်ကြမှ စခန်းချ ချက်ပြုတ်ရန် နားရသည်။ နောက်တနေ့ မိုးမလင်းခင် ဆက်လက်မောင်းကြသည်မှာ တခါတလေ ၇ ညအိပ်ရပြီး ၈ ရက်ကြာ မိုးစုန်းစုန်းချုပ်အချိန်မှ လိုရာပန်းတိုင်ဖြစ်တဲ့ ရခိုင်ပြည် လမူးရွာကိုရောက်သည်။

လမ်းကျဥ်းလမ်းကျပ် ကမ်းပါးယံများနှင့် တတောင်တက် တတောင်ဆင်း ဒူးနှင့်နဖူးထိအောင် မတ်တဲ့ တောင်မြင့်မြင့်တွေမှာ တချို့နွားတွေ လဲကျ မထနိုင်ဘဲ သေဆုံးကြသည်။ ထိုရခိုင်ရိုးမဖြတ်ကျော်လမ်းကို အမျိုးသားများနှင့် ရင်ဘောင်တန်းကာ လုပ်ရသည့် နွားမှောင်ခိုလမ်းကြောင်းက ခေတ်သစ် အမျိုးသမီးနွားမောင်းသမများသည် ကလေးငယ်နှင့် အိမ် မီးဖိုချောင်ကို စွန့်ကာ ရခိုင်ရိုးမကို ဆင်မကြောက်၊ ကျားမကြောက်၊ မြွေမကြောက်ဘဲ ဓားမြှောင်တချောင်းနှင့် သွားလာနေကြခြင်း ဖြစ်သည်။

လူအလွတ်ပင် သွားရန် ခက်ခဲကြမ်းတမ်းသည့် ရခိုင်ရိုးမလမ်းခရီးကို သူတို့ ဖြတ်သန်းနေကြခြင်းသည် ငွေကြေးချမ်းသာလိုမှုထက် အိမ်ရဲ့ မိသားစုစားဝတ်နေရေး ကြပ်တည်းမှုကို ဖြေရှင်းသည့် နည်းလမ်းတခုအဖြစ် ရွေးချယ်လာရခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာကိုင်းလုပ်ခင်းများက မိုးခေါင်ခြင်း၊ သွင်းအားစု မတတ်နိုင်ခြင်းတို့ကြောင့် သူတို့၏ အိမ်ထောင်ဦးစီးများ အနောက်ပြည်သို့ နွားမောင်းအငှားလိုက်ကြသည်။ အိမ်ထောင်ဦးစီးများသည်  ခက်ခဲပင်ပန်းခြင်းနှင့် မောပန်းခြင်းကို အကြောင်းပြ အရက်သေစာ အလွန်အကျွံသောက်ကြ၍ ရသင့်ရထိုက်သည့် ငွေကြေး မိသားစုထံ အပြည့်ပြန်မပါလာကြသဖြင့် ကိုယ်တိုင် နွားမောင်းထွက်ကြရခြင်းလည်း ဖြစ်သည်။ ရေရှည်တွင် အရက်သောက်ကြသည့် နောက်ဆက်တွဲ ဝေဒနာပေါင်းစုံကို ကုသရပြီး ရိုးမပေါ်တွင် ထိမိခိုက်မိလျှင် နာတာရှည်အဖြစ် ဆေးကုရကြပြန်သည်။

ဒါကြောင့် စိတ်ထက်သည့် မိန်းမများက အောက်ခံဘောင်းဘီပွပွဝတ်၊ အပေါ်က ထဘီကို တိုတိုဝတ်ကာ ပီနံအိတ်ကို ကျောလွယ်ပြီး ရိုးမကိုကျော်ကာ ဖြတ်ကြရတဲ့ နွားမောင်းသမများ ဖြစ်လာကြရသည်ဟု ဆိုသည်။

လမ်းခရီး ခက်ခဲကြမ်းတမ်းသည်ထက် အသက်အန္တရာယ်က ခြေလှမ်းတိုင်းမှာ ကပ်ပါနေပြီး နွားနှင့်လူပါ ချောက်ကမ်းပါးထဲကျ ‌သေဆုံးခဲ့ရသည့် ဖြစ်စဉ်တချို့ ရှိလာနေသည်ဟု ဆိုသည်။ ခိုင်းနွားအထီးတကောင်ကို ၆ ညအိပ် ၇ ရက်ခရီးအတွက် ကျပ် ၆၀,၀၀၀၊ နှစ်ကောင်မောင်းသည့်အတွက် ၁၂၀,၀၀၀ ရသည်။ လည်လည်ဝယ်ဝယ်ရှိသူ ဦးဆောင်တဲ့ လူ ၁၀ ယောက်တဖွဲ့ကို နွား ၃ ကောင် အပိုဆောင်းယူ မောင်းလျှင် အဖွဲ့စရိတ်တောင့်ကာ ၁၂၀,၀၀၀ အတင်ကျန်သည်ဟု ဆိုသည်။

သာမန်အားဖြင့် အပြန်ခရီးအတွက် ကားခ ၂၅၀၀၀ နှင့် စားစရိတ်အပါ ၉၀,၀၀၀ ခန့်တော့ အသားတင်ကျန်တတ်ပြီး ယောကျ်ားသားများက ၇၀,၀၀၀ ပင် မနည်းကျန်တတ်သည်ဟု ဆိုသည်။ ယောကျ်ားသားများက တလ သုံးကြိမ် လိုက်နိုင်သော်လည်း အမျိုးသမီးများက တလ နှစ်ကြိမ် လိုက်နိုင်ကြသည်ဟု သိရသည်။

ရခိုင်းရိုးမလမ်း၏ ကမ်းပါးတချို့တွင် နွားများက ကြောက်လန့်၍ နဖားကြိုးထိန်းရခက်ပြီး နွားရောလူပါ ချောက်ထဲကျ သေတာတွေ ရှိခဲ့ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

“မိန်းကလေးဆိုတော့ နွားကြိုးကို မြဲအောင် လက်မှာပတ်ကိုင်ပြီး မောင်းတာ၊ ကမ်းပါးတွေမှာ တချို့နွားတွေက ကြောက်ပြီး ကိုးရိုးကားယားဖြစ်ပြီး နွားနဲ့လူ ရောပါပြီးကျတာ” ဟု အသက် ၃၀ အရွယ် နွားမောင်းသမတဦးက ပြောသည်။ မင်းတုန်းမြို့နယ်အဆုံး ကံမမြို့နယ်ထဲက အမျိုးသမီးတဦးနှင့် မင်းတုန်းမြို့နယ်ထဲက အမျိုးသမီးတဦး စုစုပေါင်း နှစ်ဦး ချောက်ထဲကျ သေဆုံးသည်ဟု စုံစမ်းသိရသည်။

နွားမောင်းကြရာတွင် ရှေ့တကောင်ကို တွန်းထိုးမောင်းနှင်ရပြီး နောက်ကနွားကို ဆွဲရသည်ဟု ဆိုသည်။ ခိုင်းနွားများသည်  နဖားဖောက်စဉ်ကတည်းက ရှေ့ကထား ရှေ့ကသွား၊ နောက်ထား နောက်ကလိုက်ဟု ဆိုကာ နဖားကြိုးထိုးရန် နှာပေါက်အတွင်းပိုင်းနှစ်ခုကို ထိုးဖောက်ရသည်ဟု ဆိုသည်။

“နွားကို ညှပ်သွင်း မြက်ကြိုးနဲ့တုပ်ပေါ့။ ပြီးတော့ ရှားသားအနှစ်ကို ချွန်မြပြီး လုံးမွတ်နေအောင် ပြုပြင်ထားတဲ့ လက်ကိုင်ဘက်က ခပ်တုတ်တုတ် အဖျားရှူးအချွန်ပေါ့၊ ဆီသုတ်ထား လက်တဖက်က နှာခေါင်းနှစ်ပေါက်အတွင်းပိုင်းကို နေရာမမှားအောင် ညှစ်ကိုင်ထားပြီး ရှေ့ထား ရှေ့သွား နောက်ထား နောက်ကလိုက်လို့ဆိုပြီး အဲဒါနဲ့ ထိုးဖောက်ရတာ သူလည်း နှာနုပဲ နာတာပေါ့။ ညှပ်မခိုင်ရင် လူအန္တရာယ်ရှိတယ်” ဟု နွားဆေးကုဆရာ နွားပြုပြင်သူတဦးက ပြောပြသည်။

လူသေဆုံးရသည့်ဖြစ်စဉ်တွင် အမျိုးသမီးတဦး၏ နောက်ဆွဲနွားကို အခြားသူတဦးရဲ့ ရှေ့နွားက ကုန်းပိုးစဉ် ကုန်းပိုးခံနွားက အပြေးမှာ လူကိုတိုးမိပြီး နွားနှင့်လူပါ ချောက်ထဲကျ ဝါးငုတ်ထိုးမိ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

လမ်းခရီးတလျှောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေသည့် နွားသေတချို့ကိုလည်း တွေ့ရသည်ဟု ဆိုသည်။ လမ်းကြောင်းတခါလျှင် နွားရာဂဏန်းအထိ ပါဝင်ပြီး အမျိုးသမီးများက ၂ ကောင် တယောက်၊ ယောကျ်ားလေး ကျွမ်းကျင်သူအဖွဲ့က ၂ ယောက် ၅ ကောင် မောင်းကြပြီး တကောင်ဖိုးရရှိငွေကို လမ်းစရိတ် အသုံးပြုသည်ဟု သိရသည်။

”ပန်းတောင်းနယ် ကံမနယ် စတဲ့နေရာက နွားတွေကို မင်းတုန်းမှာ စုတာ၊ မင်းတုန်းနွားကုန်သည်က အချုပ်ပဲ၊ လက်ကြီး ၃ ယောက် ရှိတယ်၊ မောင်းသွားတဲ့သူတွေကို ကုန်သည်တွေက အပြန်ခရီးအတွက် ကားခယူပြီး ကြိုပေးတယ်” ဟု အသက် ၄၀ အရွယ် မင်းတုန်းနယ်ခံတဦးက ပြောသည်။

အသွားခက်ခဲပင်ပန်းသလောက် အပြန်ခရီးကတော့ နွားကုန်သည်လာကြိုတဲ့ ဒိုင်နာကားနဲ့ တောင်ကုတ်မြို့နယ် လမူးရွာကနေ တယောက် ၂ သောင်းခွဲနှုန်းပေးကာ တစုတဝေးတည်း ပြန်ကြသည်ဟု ဆိုသည်။

အမျိုးသား နွားမောင်းသမားများသည် အသွားခရီးစဉ်တွင် အရက်တစွပ်စွပ်သောက်ပြီး မောင်းသည့်သူပါသလို အပြန်ခရီးမှာ လူမှန်းမသိအောင်မူးပြီး ပြန်လာကြသူလည်း ရှိသည်ဟု သိရသည်။

ပန်းတောင်း-တောင်ကုတ်ကားလမ်းရဲ့ မြွေလိမ်မြွေကောက်လမ်းမှာ အန်ကြသည်။ အရက်နံ့နှင့် အန်ဖတ် ရောထွေးနံသည့် ပြဿနာ၊ ဆေးပြင်းလိပ်နံ့၊ ဆေးလိပ်နံ့ ပြဿနာတို့ကို ထွက်ပြေးစရာမရှိသည့် ကားပေါ်မှာ အိမ်ပါငွေကို ကျစ်ကျစ်ဆုပ်ရင်း စိတ်ကိုတင်းရသည်ဟု ဆိုသည်။ ကားပေါ်တွင် အရက်မူးသည့်ယောကျ်ားနှင့် သူ့ဇနီးတို့ ရန်ဖြစ်ကြရာမှ ယောကျ်ားဖြစ်သူက ဓားနှင့်ထိုးမည်လုပ်သဖြင့် တကားလုံး ဆူညံသွားတာကြောင့် ကားရပ်ပြီး ဖြေရှင်းနေစဥ် ကံဆိုးသည်က စစ်ဆေးရေးဂိတ်အနီးတွင် ဖြစ်မိသဖြင့် ကားတစီးလုံး တပတ်နီးပါး အဖမ်းခံရခြင်းမျိုးလည်း ရှိသည်ဟု အသက် ၃၅ နှစ်အရွယ် နွားမောင်းသမဖြစ်သူ ကလေး ၃ ဦးမိခင်က ပြောသည်။

“မနှစ်ကလည်း အပြန်ကားပေါ်မှာ လင်မယားနှစ်ယောက် စကားများကြတာ။ မူးနေတဲ့ယောကျ်ားက ဓားနဲ့ထိုးဖို့လုပ်လို့ အော်ကြ ဟစ်ကြနဲ့ ဖြစ်နေတာ၊ ကံဆိုးချင်တော့ စစ်ဆေးရေးဂိတ်နားမှာ ဖြစ်နေတာ” ဟု သူကပြောသည်။

နွားကုန်သည်က ငွေသိန်း ၅၀ နဲ့ လာညှိပေးတယ်။ လက်နက်ကိုင်ဆောင်မှုကနေ မှောင်ခိုဖြစ်၊ ရှုပ်ကုန်တာ၊ ပေးရငွေကို မောင်းသမားတွေဆီက အချိုးနဲ့ ပြန်ဖြတ်ယူတယ်ဟု သိရသည်။

ခရီးစဥ်အနေဖြင့် မင်းတုန်းမြို့နယ် ရွာတွေရဲ့ အဆုံးက စတင်ကာ လမ်းကြမ်းလာပြီး ရခိုင်ရိုးမပေါ် မရောက်ခင်အထိ ရွက်ကြွေကာလဖြစ်သည့်အလျောက် နေပူထဲမှာ မောင်းနှင်ရပြီး ရေရှိနိုင်သည့် နေရာအရောက် အမီမောင်းကြရသည်ဟု ဆိုသည်။

ရခိုင်ဘက်ခြမ်းရောက်တော့ သစ်ပင်ကြီး နည်းသွားပြီး ခရင်ဝါးတောကို ဖြတ်သန်းကြစဉ်မှာ ထိမိခိုက်မိတွေ ရှိတတ်ကြသလို တကြောင်းလျှင် အနည်းဆုံး နွား ၇၀ ကနေ ၁၀၀ ကျော်အထိ ရှိတတ်ပြီး သရက်ခရိုင်ထဲမှာ နွားဝယ်လိုအားကောင်းမှုကြောင့် နွားဈေး အနည်းငယ်ပြန်တက်ကာ ဝယ်သူ၏ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်မှ ဆင်းလာသည့် ကုန်သည်များ ခြေချင်းလိမ်နေသည်ဟု ဒေသခံများက ပြောကြသည်။

ဝယ်ယူသူများ ပြောစကားအရ ဟိုယခင်က ခိုင်းနွားတကောင်ကို ၈ သိန်း၊ ၁၀ သိန်းအထိ ရှိခဲ့ပြီး ယခုအခါမှာတော့ နွားတကောင်ရဲ့တန်ဖိုးကို တပိသာ ၁၀,၀၀၀ နှုန်းနှင့် နွားပိသာချိန်ကို ခန့်မှန်းပြီး ဝယ်ယူမှုကို စီးပွားရေး မပြေလည်မှုကြောင့် အသားစျေးအတိုင်း ရောင်းရသည်ဟု ဆိုသည်။

ရခိုင်ရောက်ရင်တော့ နွားတွေကို ကုန်သည်က ဘင်္ဂလားကို မှောင်ခိုပြန်ထွက်သည်ဟု ဆိုသည်။ အသောက်အစားနည်းပြီး ကျန်းမာရေးကောင်းတဲ့ ယောကျ်ားသားတွေက တလ ၄ ခေါက် မောင်းနိုင်သူ ရှိသော်လည်း အမျိုးသမီးအများစုက ၂ ခေါက်သာ လိုက်နိုင်ကြပြီး အိမ်မှုကိစ္စစီစဥ်ရင်း အားပြန်မွေးရသည်ဟု ဆိုသည်။ တပတ် ၁၀ ရက် အနားယူပြီးချိန်တွင် နွားကုန်သည်၏ နွားစုပြီးချိန်ကို စောင့်ရင်း လမ်းခရီး ဗွေဖောက်တတ်သည့်သူကို အဖွဲ့ထဲ မပါဝင်ရေး တယောက်နှင့်တယောက် လက်တို့ကာ နင်က ဒန်အိုးယူ၊ ဘယ်သူက ဒယ်အိုး စသဖြင့် တယောက်တမျိုး မီးဖိုချောင်သုံးပစ္စည်းကအစ ခွဲတမ်းချနှင့်ကာ ပီနံအိတ်သစ်ကို ကျောပိုးအိတ်အဖြစ် ပြောင်းရင်း မိသားစု ချက်ပြုတ်စားရင်း တောင်သူ အလုပ်မရှိချိန်မှာ ဝင်ငွေမပြတ်ရေးအတွက် တွေးကာ အိမ်မှုကိစ္စနှင့် အလုပ်ရှုပ်နေကြရင်း ဘဝကို ကြမ်းတမ်း ရိုးရှင်းစွာ ဖြတ်သန်းနေကြသူများအဖြစ် မြင်ရသည်။

သာမန်အားဖြင့် ယခုကဲ့သို့ အလုပ်မျိုးကို လုပ်ကြသည့် အလေ့အထ မရှိသော်လည်း စစ်တပ် အာဏာသိမ်းပြီးချိန်တွင် ကုန်ဈေးနှုန်းဒဏ်၊ မိုးခေါင်သည့်ဒဏ်၊ ကိုဗစ်ကာလကဒဏ်တွေ စုပေါင်းခံကြရကာ ယခုကဲ့သို့ လုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အရင်က ပိုက်ဆံအခံရှိသူတွေကတော့ ထိုင်းနဲ့ မလေးကို သွားကြတော့ ဒီလောက်မပင်ပန်းဘဲ ပြောင်ပြောင်ရောင်ရောင် ရှိကြတယ်။ အဓိက အရက်ပဲ၊ မသောက်နဲ့ မဆိုဘူး၊ ဦးမှန်း ပဲ့မှန်း မသိ မူးနေ၊ အိမ်စားဝတ်နေရေး အလေးမထားလို့ ထလိုက်လာတာ ဖတ်ဖတ်မော ဆိုတာမျိုးပေါ့ အဟင်းဟင်း” ဟု အသက် ၃၀ အရွယ် အိမ်ထောင်ရှင်မက မချိသွားဖြဲရယ်မောကာ ပီနံအိတ်ကို ကျောပိုးအိတ်ချုပ်ရင်း ခံစားမှုနှင့်ပြောသည့် ခေတ်သစ်နွားမောင်းသမတဦးရဲ့ မိသားစုအပေါ် ထားသည့် မေတ္တာနှင့် ယုံကြည်ချက်ကို မြင်နေရသည်။

ဒေးဗစ်ထန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024