Home
မြန်မာသတင်း
ညောင်ရွှေအကျဥ်းထောင်တွင်း ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
March 15, 2023
Nyaung Shwe Prison shooting
Nyaung Shwe Prison shooting 1
Nyaung Shwe Prison shooting 2
Nyaung Shwe Prison shooting 3

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ညောင်ရွှေအကျဥ်းထောင်မှာ မတ်လ ၁၄ ရက်က  ပစ်ခတ်မှုဖြစ်ပွားပြီး အကျဉ်းသား   ၁ ဦးသေဆုံးကာ အကျဉ်းသား ၂ ဦးနဲ့ ထောင်ဝန်ထမ်း ၂ ဦး  ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့မနက် ၈  နာရီခွဲလောက်က  အကျဥ်းသားတချို့က ထောင်ဖောက်ပြေးဖို့ ကြိုးစားတယ်လို့ ဆိုကာ အကျဥ်းထောင်အတွင်း လုံခြုံရေးတာဝန်ကျက ပစ်ခတ်ခဲ့တာမှာ အကျဉ်းသားတချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ညောင်ရွှေအကျဥ်းထောင်အနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

“ထောင်ထဲက သေနတ်သံတွေ ကြားရပြီး လူနာတင်ယာဥ်တွေ ဝင်သွားတယ်။ သေတဲ့သူတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေရော”လို့ ပြောပါတယ်။

အကျဥ်းထောင်အတွင်းရှိ အကျဥ်းသား ၁၅ ယောက်လောက်က  ထောင်ဝန်ထမ်းနှစ်ယောက်ကို ရိုက်နှက်ကာ ထောင်ဖောက်ပြေးရန် ကြိုးစားလို့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့  ထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ရုန်းရင်းဆန်ခတ်ဖြစ်တာ တပ်ဘက်ကတော့ ထောင်ဖောက်ပြေးတယ်လို့ ပြောတယ်။ အကျဥ်းသားတစ်ဦး သေတယ်။ နှစ်ဦး ဒဏ်ရာရတယ်။ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရတယ်။”

ညောင်ရွှေအကျဉ်းထောင်အတွင်းရှိ ၂ ထပ် အိပ်ဆောင်တစ်ခုမှ အကျဉ်းသား ၁၅ ယောက်လောက်က  အိပ်ဆောင်လှေကားရှိ သစ်သားလက်ရန်းတန်းတွေကို ချိုးဖျက်ပြီး အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်တိုက်ခိုက်ကာ အုတ်ရိုးကျော်တက် ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးကလည်း သတင်းထုတ်ပါတယ်။

ထွက်ပြေးဖို့ကြိုးစားတဲ့ အကျဉ်းသားတွေကို မျှော်စင်တာဝန်ကျဝန်ထမ်းက သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ပေမဲ့ အကျဉ်းသားတွေက နာခံမှုမရှိဘဲ အော်ဟစ်ပြီး CCTV ကြိုးတွေနဲ့ ဆိုလာဓာတ်မီးတိုင်ကို ဖျက်ဆီးတာ၊ အနီးပတ်ဝန်းကျင်ရှိခဲတွေနဲ့ အစောင့်ဝန်ထမ်းတွေကို ပစ်ပေါက်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မျှော်စင်တာဝန်ကျဝန်ထမ်းက သေနတ် ၅ ချက်ခန့် ပစ်ခတ်ကာ  မနက် ၉ နာရီအချိန်လောက်မှာ ထောင်တွင်းအခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသားတစ်ဦး သေဆုံးခဲ့ကာ အကျဉ်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှာ ဖော်ပြပါတယ်။

အကျဥ်းသားတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းတွေထွက်နေသလို အကျဉ်းသားတချို့ကို ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့လည်း ပြောဆိုတာလည်းရှိနေပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024