စစ်ကောင်စီကဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားတဲ့ ကျောက်တော် လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း အပါဝင် ၃ ဦးအမှုကို မတ်လ ၁၄ ရက်က ကျောက်တော်မြို့နယ် တရားရုံးမှာ နှစ်ဖက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြပြီး လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြပြီး လာမယ့် မတ်လ ၂၈ ရက်မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။
“ဒီနေ့ရုံးချိန်းမှာ အမှုသည်တွေဘက်က ရှေ့နေနဲ့ ရဲဘက်က အမှုစစ်အရာရှိတွေက အပြီးသတ် လျှောက်လဲချက် ပြုလုပ်ခဲ့ကြတယ်။ လာမယ့် ၂၈ ရက်နေ့မှာတော့ အပြီးသတ် အမိန့်ချဖို့ ချိန်းလိုက်တယ်။ သုံးဦးစလုံးအတွက် အမိန့်ချသွားမှာဖြစ်တယ်။”
အခု တရားရင်ဆိုင်နေရသူတွေမှာ ကျောက်တော်မြို့ခံ ကိုဇော်ဝင်း (လူထုဇော်ဝင်း)၊ ပန်းဖဲချောင်းကျေးရွာက ကိုဇော်မိုးထက်နဲ့ ခေါင်းတုတ်ကျေးရွာက ဦးကျော်သန်းမောင်တို့ ဖြစ်ကြပါတယ်။
သူတို့သုံးဦးကို ဇွန်လ ၂၀ ရက်က ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို အေအေက ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲကြရာမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လည်လွှတ်ပေးဖို့ ကတိကဝတ်တွေ ပါပေမဲ့ စစ်ကောင်စီကလိုက်နာမှု အားနည်းနေတယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက အရပ်သား ၅၉၄ ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူ ၃၉၁ ဦးေလာက်သာ ရှိသေးပြီး ဖမ်းဆီးခံထားရသူ ၂၀၃ ဦးအထိ ကျန်ရှိနေသေးတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ စာရင်းတွေအရ သိရပါတယ်။