မြန်မာ-ထိုင်း နယ်စပ်က သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ဆုံဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ သူတို့ကို ထောက်ပံ့ကူညီနေကြတဲ့ အဖွဲ့အစည်းတွေဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် ရေကာတာဆောက်လုပ်ရေးစီမံကိန်းကို ဆန့်ကျင်ပြီး သံလွင်မြစ်ကို ကာကွယ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒဖော်ထုတ်မှုတစ်ခုကို မတ်လ ၁၄ ရက် ဒီမနက်အစောပိုင်းမှာ စုဝေးပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဒေသကို မြန်မာစစ်တပ်က စစ်တပ်နယ်မြေအဖြစ် အသုံးပြုလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ နဂိုကမှ ပဋိပက္ခတွေကြောင့် မကြာခဏ အိုးအိမ်စွန့်ခွာ နေရာရွှေ့ပြောင်းရတဲ့ ဒုက္ခကို ရင်ဆိုင်နေရသူ ဒေသခံတွေအတွက် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒီဒေသမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၈၅၀၀၀ ကျော် ပိုများလာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က ပြောပါတယ်။
ဒေသခံတွေအတွက် ခမ်းနားကြီးမြတ်တဲ့ သံလွင်မြစ်ရဲ့ ကမ်းနဖူးမှာ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာဆောက်ဖို့ တာစူနေကြတာဟာ ဆယ်စုနှစ် နှစ်ခု ကျော်လာခဲ့ပြီဖြစ်ပြီး အဲဒီစီမံကိန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေကြောင့် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရတာတွေ နောက်ထပ်ကြုံလာကြရမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံတွေရဲ့ ကာလရှည်ကြာ ကြိုးပမ်းခဲ့မှုကြောင့် သံလွင်မြစ်ဟာ အကြီးဆုံးနယ်ခြားမြစ်တွေထဲက ရေကာတာမရှိတဲ့ မြစ်တစ်ခုအဖြစ်နဲ့ နောက်ဆုံး ကျန်ရှိနေတာ ဖြစ်ပါတယ်။
ဟိမဝန္တာတောင်တန်းပေါ်က နှင်းတွေ အရည်ပျော်ရာကနေ စတင်လာခဲ့ပြီး တရုတ်နိုင်ငံအတွင်းမှာ နူမြစ်လို့ခေါ်တဲ့ သံလွင်မြစ်ရဲ့အထက်ပိုင်းဟာ မဲခေါင်(လန်ကျန်း)မြစ်၊ ယန်ဇီမြစ်တို့နဲ့အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို စီးဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ကီလိုမီတာပေါင်း ၂၈၀၀ ရှည်လျားတဲ့ သံလွင်မြစ်ဟာ ရှမ်းပြည်နယ်ကနေတဆင့် မြန်မာနယ်နိမိတ်ထဲကို စီးဝင်လာခဲ့ပြီး ကရင်ပြည်နယ်အရောက်မှာ မြန်မာ-ထိုင်း နယ်နိမိတ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ဆက်လက်စီးဆင်းလာခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ မွန်ပြည်နယ်ကို ဖြတ်စီးပြီး ကပ္ပလီပင်လယ်ထဲကို စီးဝင်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် အတိအကျ ဒီလိုအချိန်မှာ သံလွင်မြစ်အထက်ပိုင်းမှာ ရေကာတာပေါင်း ၁၃ ခု တည်ဆောက်ဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ပေမဲ့ အဲဒီစီမံကိန်းတွေဟာ အငြင်းပွားမှုတွေနဲ့ ကြုံခဲ့ရပြီး အကြိမ်ကြိမ်ရပ်စဲခဲ့ရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလည်း နိုင်ငံပိုင်လုပ်ငန်းတွေ၊ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတွေနဲ့ ထိုင်းနိုင်ငံလျှပ်စစ်စွမ်းအင်အာဏာပိုင် (Egat) တို့က ဆည် ခုနစ်ခုတည်ဆောက်ဖို့ အဆိုပြုခဲ့ကြပါတယ်။
ဝဲကြီးဆည်နဲ့ ဒါးဂွင်ဆည်တို့ကို မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်မှာ ဆောက်လုပ်ဖို့နဲ့ ကရင်ပြည်နယ်ထဲမှာ ဟတ်ကြီးဆည်တည်ဆောက်ဖို့အတွက် ထိုင်း Egat ကုမ္ပဏီက အဆိုပြုခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ထဲမှာ တည်ဆောက်ဖို့ အဆိုပြုထားတဲ့ စီမံကိန်း ၂ ခုကတော့ မိုင်းတုံ၊ ကွမ်းလုံနဲ့ နောင်ဖ ရေကာတာစီမံကိန်းတွေဖြစ်ပြီး ကရင်နီ(ကယား)ပြည်နယ်ထဲမှာ ဆောက်လုပ်ဖို့ အဆိုပြုထားတာကတော့ ရွာသစ်ရေကာတာစီမံကိန်း ဖြစ်ပါတယ်။
သံလွင်မြစ်အရေးဟာ မြန်မာနိုင်ငံဘက်အခြမ်းတစ်ခုတည်းမှာတင် ရှိနေတာမဟုတ်ဘဲ ထိုင်း တော်ဝင်ဆည်မြောင်းဌာနက အဆိုပြုထားတဲ့ ယွမ်-သံလွင် (Yuam-Salween) ရေထိန်းရေလွှဲ စီမံကိန်းဟာလည်း ဒေသခံတွေအတွက် ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ထိုင်းအစိုးရနဲ့ တရုတ်နိုင်ငံက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေ ပူးတွဲရင်းနှီးမြှုပ်နှံမှုအဖြစ် အဆိုပြုထားတဲ့ အဲဒီစီမံကိန်းအတွက် ထိုင်းဘတ်ငွေ ၇၀ ဘီလီယံ လျာထားပြီး အဲဒီစီမံကိန်းမှာ ထိုင်းနိုင်ငံကနေ သံလွင်ထဲစီးဝင်တဲ့ သံလွင်မြစ်ရဲ့မြစ်လက်တက် ယွမ်မြစ်ပေါ်မှာ ဆည်တစ်ခု တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။ တကယ်လို့ အဲဒီစီမံကိန်းအတိုင်း ဆည်ဆောက်ဖြစ်ခဲ့မယ် ဆိုရင် ဒါဟာ သံလွင်မြစ်ဝန်းဒေသမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပထမဆုံး ခြေချတဲ့ အရေးကြီးခြေလှမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။
အဲဒီရေထိန်းစနစ်မှာ အလွန်ကြီးမားတဲ့ ရေလှောင်ကန်တစ်ခု၊ ရေစုပ်စက်ဌာနကြီးတစ်ခုနဲ့ ၆၀ ကီလိုမီတာ ရှည်လျားတဲ့ မြေအောက် ရေပိုက်လိုင်းတစ်ခုတို့ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီမြေအောက်ရေပိုက်လိုင်းကို သဘာဝဇီဝဓာတ်ကြွယ်ဝတဲ့ မိုးရေထိန်းသစ်တောတလျှောက် ဆောက်လုပ်သွားမှာဖြစ်ပြီး ပိုက်လိုင်းနဲ့အတူ အဲဒီသစ်တောမြေအပေါ်မှာ ဗို့အားမြင့် လျှပ်စစ်ကြိုးတွေလည်း သွယ်တန်းသွားမှာ ဖြစ်ပါတယ်။
တကယ်လို့ တည်ဆောက်ခဲ့မယ်ဆိုရင် အဲဒီရေထိန်းရေလွှဲစနစ် ဆောက်လုပ်ရေးကြောင့် တာ့ခ်၊ မယ်ဟောင်ဆောင်နဲ့ ချင်းမိုင်ခရိုင် သုံးခုမှာရှိတဲ့ သစ်တောကို မှီခိုရှင်သန်နေတဲ့ သဘာဝတောရိုင်းဂေဟစနစ်ဟာလည်း ပျက်စီးသွားရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ယွမ်မြစ် ရေထိန်းရေလွှဲစနစ်ကို ကန့်ကွက်ကြောင်း၊ စီမံကိန်းချမှတ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်းတွေမှာ ပိုပြီးဂရုစိုက်ကာ အဓိပ္ပာယ်ရှိရှိ ဆောင်ရွက်စေလိုကြောင်း အဆိုပြုလွှာနဲ့ အသနားခံစာတွေကို ဒေသခံလူမှုအဖွဲ့အစည်းတွေက သက်ဆိုင်ရာအေဂျင်စီတွေနဲ့ အစိုးရအဖွဲ့ဆီကို တင်သွင်းခဲ့ကြပါတယ်။
ဒီစီမံကိန်းဟာ မရှိမဖြစ်လိုအပ်တာ မဟုတ်သလို ပတ်ဝန်းကျင်အတွက်လည်း မသင့်တော်တဲ့အပြင် ရေရှည်အကျိုးရှိမယ့် ရေဝေရေလွှဲစနစ်စီမံခန့်ခွဲရေး စည်းကမ်းသတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဒေသခံလူမှုအဖွဲ့အစည်းတွေက ထင်မြင်ယူဆထားကြပါတယ်။
အခုလရဲ့ အစောပိုင်းမှာ ချင်းမိုင်၊ ဟော့နယ်မြေရှိ ကျေးရွာ ၆၆ ရွာရဲ့ ခေါင်းဆောင်တွေနဲ့ အွမ်ကွိုင် မဲဟောင်ဆောင်ဒေသတွေက လက်အောက်ခံနယ်မြေခွဲခေါင်းဆောင်တွေ ပူးပေါင်းပြီး ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဆီကို ရေထိန်းရေလွှဲစနစ် စီမံကိန်းကို ကန့်ကွက်ကြောင်း ဖော်ပြထားတဲ့ အသနားခံစာတင်သွင်းခဲ့ကြပါတယ်။
အဲဒီ အသနားခံစာမှာ ရေထိန်းရေလွှဲစနစ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်ကို ဖျက်သိမ်းဖို့နဲ့ သက်ဆိုင်ရာ ရေထိန်းစီမံကိန်းတွေ အားလုံးကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ဒီစီမံကိန်းသာ အထမြောက်ခဲ့ရင် သံလွင်မြစ်ဝှမ်းဒေသမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ခြေကုပ်ရသွားမယ်ဆိုတဲ့ အချက်ဟာ သတိထားရမယ့် အချက်ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်၊ သဘာဝဂေဟစနစ်နဲ့ ဒေသခံတိုင်းရင်းသားတို့ရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ကြိုးပမ်းမှုတွေကို ဒီဒေသမှာ ဆယ်စုနှစ်နှစ်ခုတိုင်အောင် မြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေဟာ သေရေးရှင်ရေးအတွက် ရုန်းကန်ရင်ဆိုင်နေကြရသလို သံလွင်မြစ်ကို မှီခိုနေထိုင်နေကြတဲ့ ဒေသခံတွေဟာလည်း မျိုးဆက်သစ်တွေအတွက် သဘာဝအမွေအနှစ်အဖြစ် လွတ်လပ်စွာစီးဆင်းနေတဲ့ သံလွင်မြစ်ကြီး ဆက်လက်တည်ရှိနေရေးကို ကြိုးစားခုခံနေကြကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
Ref-Bangkokpost