စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေ တနေ့ထက်တနေ့ တရက်ထက်တရက် တိုးလာနေလိုက်တာ တိုင်း/ဒေသအသီးသီး နေရာအစုံမှာ အခက်အခဲတွေများပြီး အကူအညီတွေ လိုအပ်နေတာ နေ့စဉ်သတင်းတွေထဲမှာ ကြားသိနေရပါတယ်။
သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ သားသည်မိဘတွေ၊ ကျန်းမာရေး ချို့ယွင်းနေသူတွေ၊ တောတောင်တွေထဲမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ နေထိုင်ရသူတွေ၊ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်ချက်တွေ… ပြောရမယ်ဆို အများကြီးပါပဲ။
အရပ်ဘက် ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကလည်း တတ်နိုင်သလောက် အလှူခံပြီး ကူညီစောင့်ရှောက်ပေးနေရပေမဲ့ ဝန်နဲ့အား မမျှတဲ့ အနေအထားမှာ ရှိနေတယ်။ ဝိုင်းကြပါ ဝန်းကြပါ ပြောရတာ အလှူခံရသူတွေလည်း ကြာတော့ ခြေကုန်လက်ပန်းကျနေကြပြီ ထင်ပါတယ်။
တော်လှန်ရေးအစုအဖွဲ့တွေမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာအတွက် အလှူခံရ၊ စစ်ဘေးမီးဘေးသင့် ပြည်သူတွေအတွက် အလှူခံရ၊ အလှူခံနေရတာတွေနဲ့ပဲ တိုင်ပတ်ပြီး တော်လှန်ရေးဘက် အားစိုက်ရမလား၊ အလှူခံရေးဘက် အားစိုက်ရမလား လမ်းတွေ များနေရပြီ။ အာဏာသိမ်းစစ်ကောင်စီ လိုချင်တဲ့ အခြေအနေကို ရောက်နေကြရပြီ။ ဒီကြားထဲ တော်လှန်ရေးကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာတဲ့ တော်လှန်ရေးသစ္စာဖောက်တွေ လိမ်စား ညာစားသမားတွေလည်း ရှိနေတယ်။ ဒီအခြေစိုက်အောင် စစ်ကောင်စီက ပြည်သူတွေ ဒုက္ခပင်လယ်ဝေအောင် တိုးသထက်တိုးပြီး နေ့စဉ် လုပ်ဆောင်နေတယ်။
စစ်တပ်က ကြောက်မလားဆိုပြီး ရက်စက်ပြတယ်။ လူငယ်တွေက အကြောက်တရားကင်းစွာ တော်လှန်ရေးအရှိန်ကို မြှင့်တင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုဆို စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူတွေကြား တော်လှန်ရေးအဖွဲ့တွေ ဗျာများနေကြရပြီ။ အဲ့ဒီမှာ စကားလုံးသပ်တွေနဲ့ အာဏာသိမ်းစစ်အုပ်စုက ထိုးသွင်းနေကြတယ်။ PDF တွေကို ထောက်ပံ့လို့ PDF တွေရှိလို့ PDF တွေကြောင့် ရွာအနီးအနားမှာ မိုင်းဆွဲတိုက်ခိုက်လို့ ဒီလိုဖြစ်ရတာဆိုတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား သွေးကွဲစကားတွေ ပြောဆိုလာကြတယ်။
ဒီကြားထဲ ပါတီအရေးနဲ့ နိုင်ငံရေးသမားတွေကြား အကွဲအပြဲတွေနဲ့ ရှုပ်ထွေးနေကြတယ်။ တော်လှန်ရေးရဲ့ အဓိကပန်းတိုင်ဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဖြစ်တယ်။ မည်သူတဦးတယောက် တစုတဖွဲ့အတွက်မှ မဟုတ်ဘဲ ပြည်သူလူထု အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြခြင်း ဖြစ်တယ်။ ဒီတော်လှန်ရေးကြီးအတွင်းမှာ ဖားနဲ့ ငါး အကုန်ကွဲပြားသွားတယ်။ ယနေ့ တော်လှန်လူငယ်တွေဟာ ပါတီစွဲ လူပုဂ္ဂိုလ်စွဲနဲ့ တော်လှန်နေကြတာ မဟုတ်ဘူးဆိုတာ သူတို့ လုပ်ဆောင်ချက်တွေက သက်သေခံပြီး ဖြစ်တယ်။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိရတာ ပြည်သူတွေအတွက် တန်ဖိုးရှိတယ်။ ဒီလိုမှမဟုတ်ရင် အုတ်ရောရော ကျောက်ရောရောတွေနဲ့ ဆရာများနေကြရဦးမှာ ဖြစ်တယ်။ ယနေ့လူငယ်တွေကတော့ အာဏာရှင် ပေါ်ထွက်လာသမျှ တွန်းလှန်တိုက်ပွဲဝင်ကြဖို့ သန္ဓေတည်ပြီး ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်စနစ် တော်လှန်ရေးမှာ လူငယ်တွေ အစဉ်အမြဲ ပါဝင်ရှင်သန်နေကြမှာ ဖြစ်တယ်။
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ငတေလို လူစားမျိုးတွေကတော့ တော်လှန်ရေးကို အမှီပြုကာ ကိုယ်ကျိုးရှာအတ္တတွေနဲ့ လူငယ်တွေရဲ့ အသက်တွေ ဘဝတွေကို ချနင်းနေကြတယ်။ အဲဒီလိုလူတွေကို ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒီတော်လှန်ရေးက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲ ဆိုပေမဲ့ နိုင်ငံရေးစားဖားတွေရဲ့ မျက်နှာဖုံးတွေကိုပါ ဆွဲခွာပြလိုက်တဲ့ပွဲလည်း ဖြစ်တယ်။ အခုဆို အဲဒီလိုလူစားတွေရဲ့ သရုပ်မှန်တွေ တစစနဲ့ ကွာကျ ပေါ်ထွက်လာနေပြီ ဖြစ်တယ်။
တောတောင်တွေထဲက စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရသူတွေ၊ မီးဘေးသင့်ပြီး နေစရာ စားစရာ မရှိတော့တဲ့ ပြည်သူတွေရဲ့ ငိုညည်းသံတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်း စွန့်လွှတ်လိုက်ရတဲ့ တော်လှန်ရေးရဲဘော်တွေ၊ အသက်စတေးလိုက်ရတဲ့ ဝိညာဉ်တွေရဲ့ ညည်းတွားသံက ကျိန်စာအဖြစ်နဲ့ သူတို့ကို စူးရှပါလိမ့်မယ်။
ဒီတော်လှန်ရေး နောက်ကွယ်က နိုင်ငံရေးသမားအမည်ခံ မျက်နှာဖုံးရှင်တွေ၊ တော်လှန်ရေးကို ခုတုံးလုပ် ကိုယ်ကျိုးရှာ ဟန်ဆောင်တော်လှန်သူတွေ၊ တော်လှန်ရေးအတွင်းမှာ စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ ပြည်သူလူထုတွေရဲ့ မျက်ရည်တွေက မျက်နှာဖုံးရှင်တွေကို လူဖြစ်လျက်နဲ့ လူဖြစ်ရှုံးသူတွေအဖြစ် ကျိန်စာသင့်ကြပါလိမ့်မယ်။
ပေကြီး