ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုဦးစီးမှူးအဆင့်ရှိ အရာရှိတယောက် မတ် ၁၂ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖားကန့်မြို့၊ နယ်မြေရဲစခန်းအနီး ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဦးစီးမှူး ဦးမြင့်လွင်ဟာ နေအိမ်မှာ ရှိနေစဉ် အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံ တယောက်က ပြောပါတယ်။
“သူနေတဲ့ ဝန်ထမ်းအိမ်ရာက ရဲစခန်းအနောက်ဘက်မှာ။ နေ့လယ် ၁ နာရီလောက်က အဲဒီ ဝန်ထမ်းအိမ်ရာမှာ ဒုဦးစီးကို သေနတ်နဲ့ နှစ်ချက်ပစ်သွားတယ်။ ခေါင်းကို ထိတာ ပွဲချင်းပြီး သေတယ်။ ဆေးရုံကို သယ်သွားပြီ။ ဘယ်သူပစ်လဲဆိုတာတော့ မသိရဘူး။”
လဝက ဒု ဦးစီးမှူး ဦးမြင့်လွင်ဟာ အသက် ၅၂ နှစ်အရွယ် ခန့်ရှိပြီး ဖားကန့်မြို့နယ်ကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ စစ်ဆေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ Non CDM ရဲဝန်ထမ်းတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မကြာခဏ ပစ်သတ်ခံရပြီး ဒုဦးစီးမှူး ဦးမြင့်လွင် ပစ်သတ်ခံရတဲ့ဝန်ထမ်းအိမ်ရာအနီးမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်က ဦးသန်းစိုးနိုင်ဆိုသူ အမျိုးသားတစ်ဦးကို အမည်မသိသေနတ်သမားအဖွဲ့က ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။