ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ မတ် ၁၂ ရက် ညနေ ၆ နာရီကျော်လောက်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျကာ သစ်ပင်တွေလဲပြိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “မိုးခြိမ်းသံ အရင်ကြားရပြီးတော့ လေအရင်တိုက်တာ ဖုန်တွေ သဲတွေလည်း ပါလာတယ်။ ခဏနေတော့ မိုးရွာပြီး မိုးသီတွေပါကျလာတာ။ လေကတော့ တော်တော် တိုက်တယ်”လို့ ပြောပါတယ်။
လေပြင်းတိုက်တဲ့အတွက် လမ်းထဲက သစ်ပင် ၃-၄ ပင်လောက် လဲပြိုခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တွေမှာ တိမ်အသင့်တင့်ကနေ တိမ်ထူထပ်မယ်ဆိုပြီး ကြေညာထားပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန် ရာနှုန်း ၆၀ ဖြစ်တယ်လို့လည်း မတ် ၁၂ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။