မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ၂၆ B လမ်း၊ မြို့တော်ဥယျာဉ်အရှေ့ဘက်၊ ဖို့ကုန်းရပ်ရှိ ဒေါ်တော မုန့်တီဆိုင်မှာ မတ် ၁၂ ရက် မနက် ဆိုင်ဖွင့်ချိန်က ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်ရဲ့ ရွှေထည် လက်ဝတ်ရတနာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀ လောက် ယူဆောင်သွားကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနက် ၅ နာရီ ၄၅ မိနစ်လောက် ဆိုင်ကယ်စီး လူ ၂ ယောက် ရောက်လာခဲ့ပြီး ဆိုင်ရှင်ဖြစ်သူရဲ့ ဦးခေါင်းကို သေနတ်နဲ့ချိန်ကာ ဝတ်ထားတဲ့ ရွှေထည်တွေနဲ့ လက်ဝတ်ရတနာတွေကို ယူဆောင်သွားတာပါ။
ဓားပြတိုက်ခံရချိန်မှာ ဆိုင်ရှင်အပါအဝင် ဝန်ထမ်း ၁၁ ဦးလောက်ရှိပြီး ဓားပြတွေက မျက်နှာဖုံးအပြည့်စွပ်ထားကာ ဆိုင်ရဲ့ ဘေးအိမ်မှာ CCTV ရှိပေမဲ့ မီးပျက်နေလို့ မှတ်တမ်းတင်နိုင်ခြင်း မရှိပါဘူး။
မုန့်တီဆိုင်တာဝန်ရှိသူတဦးက "ခန့်မှန်းခြေ ၂၀၀ ဖိုးလောက်ပေါ့။ ၂ ယောက်လာတာ။ ၆ နာရီ မတ်တင်းလောက် ဖြစ်တာ၊ ဝန်ထမ်းရော ဆိုင်လူအကုန်လုံးဆို ၁၁ ယောက်ရှိတယ်။ သူတို့က သေနတ်တွေရော မျက်နှာဖုံးတွေ အကုန်ဝတ်ပြီးတော့ ခေါင်းကို ချိန်ပြီးတော့ လုသွားတာ။ ငွေသား မပါသွားဘူး။ ပစ္စည်းတွေ လက်ဝတ်ရတနာတွေ၊ ရဲကတော့ စစ်ချက်ယူသွားတယ်။ အမှုဖွင့်ထား ပါတယ်" လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုတွေ၊ ရွှေဆိုင်ဓားပြ တိုက်တာတွေနဲ့ နေအိမ်တွေကို ဓား၊ သေနတ်ပြ လုယက်တာတွေ ပေါများလာခဲ့ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ချမ်းအေးသာစံရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။