ပဲခူး၊ မင်းလှမြို့နဲ့ စစ်ကွင်းမြို့ကြား၊ ရန်ကုန်- ပြည်လမ်းမ၊ မိုင်တိုင်အမှတ် ၉၈/၉၉ မှာ မတ် ၁၁ ရက် မနက် ၆ နာရီလောက်က လိုက်ထရပ်ယာဉ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မင်းလှ အခြေစိုက် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ဘုန်းကြီး ၂ ပါးအပါအဝင် လူ ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အဆိုပါ ယာဉ်ဟာ မင်းလှမြို့၊ ရှားဖြူကွင်းရွာကနေ ပြည်မြို့ကို ဘုရားပင့်သွားကြတာဖြစ်ပြီး မိုင်တိုင် ၉၈ အကျော်မှာ ကားစက်ပျက်လို့ လမ်းဘေးရပ်ထားတဲ့ ကုန်တင်ယာဉ်တစီးကို အနောက်ကနေ ဝင်တိုက်မိခဲ့ တာပါ။
တိုက်မိတဲ့အရှိန်နဲ့ ကားခေါင်းခန်းပါ ယာဉ်မောင်း ၁ ဦး၊ ဘုန်းကြီး ၂ ပါးအနက် ၁ ပါး ညှပ်နေခဲ့တာကြောင့် အရေးပေါ်ကယ်ထုတ်ပေးခဲ့ရတယ်လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ပြင်းထန်သူ ၁၁ ဦးရှိတဲ့အနက် ဘုန်းကြီး ၂ ပါး၊ ကျား ၁၊ မ ၃၊ ပေါင်း ၆ ဦးအား ပရဟိတအသင်းတွေ အကူအညီနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ကျား ၃၊ မ ၃၊ ပေါင်း ၆ ဦးကိုတော့ သာယာဝတီဆေးရုံကြီးကို ပို့ ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းလှအခြေစိုက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက "မနက် ၆ နာရီ ၁၀ မိနစ်လောက် ဒီက ကား ၃ စီးနဲ့ ထွက်လာခဲ့ပါတယ်။ လူနာက အကုန်လုံးဆို ၂၀ ကျော်တယ်ပေါ့၊ ကလေးလေးပါ အပါအဝင်၊ သာယာဝတီဆေးရုံကို ၆ ယောက်၊ ရန်ကုန်ကို ၅ ယောက် ပို့ရတယ်၊ ရှားဖြူကွင်းကနေ ပြည်ကို ဘုရား သွားပင့်ကြတာလို့ ပြောတယ်။ တကားလုံးက ရှားဖြူကပဲ၊ လူအစိတ်လောက်ကို ၂၁ ယောက်က ဒဏ်ရာရတယ်၊ ဘုန်းကြီးက ၂ ပါးပါတယ်၊ ၂ ပါးသလုံး စိုးရိမ်ဒဏ်ရာရတယ် " လို့ ပြောပါတယ်။
ကျန်လူနာ ၁၁ ဦးမှာ ၅ နှစ်အရွယ်ကလေးတဦးပါဝင်ပြီး မစိုးရိမ်ရ ဒဏ်ရာရတဲ့အတွက် မင်းလှ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပြီး ယာဉ်မောင်းဖြစ်သူကို မင်းလှမြို့နယ်ရဲစခန်းက စစ်ဆေးချက်ယူနေတယ်လို့ သိရပါတယ်။