ရန်ကုန် တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ရွာအနီး မှော်ဘီ-တိုက်ကြီး ကားလမ်းမပေါ်မှာ မတ် ၉ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က မောင်းနှင်နေတဲ့ ကရောင်းအမျိုးအစား ကားတစီးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ပစ်ခတ်ခဲ့လို့ ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး သေနတ်၊ ဗုံးသီးတွေ တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့ဆီက သိရပါတယ်။
မတ် ၈ ရက်၊ ည ၈ နာရီကျော်ခန့်က စစ်တပ်ပိုင် အမှတ် ၁၁ ကပစ စက်ရုံကို ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အဲ့ဒီညကစပြီး မှော်ဘီ-တိုက်ကြီး လမ်းတလျှောက်မှာ အင်အားသုံး ရှာဖွေနေခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက "ဒီဘက်က စစ်တပ်ဝန်းက များပြီး ရွာနည်းတယ်။ ညပိုင်းက ကပစဘက်မှာ ည ၈ နာရီ စွန်းစွန်းကလေးပဲ ပေါက်ကွဲသံကြားရတာ။ ချက်ချင်းမီးတွေလည်း ပိတ်ပြီး နေလိုက်ကြတယ်။ နောက်နေ့ လိပ်ကြည်ဘက်က သေနတ်သံ ကြားတယ်လို့ ပြောတယ်။ မနက်ပိုင်း နည်းနည်းစောတယ်" လို့ ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ M- 22 သေနတ် ၂ လက်နဲ့ ကျည်ကပ် ၄ ခု၊ 60 mm စိန်ပြောင်း ၂ လက်နဲ့ ဗုံးသီး ၃ လုံး၊ 40 mm ဗုံးပစ်သေနတ် ၁ လက်နဲ့ စုံလည်ပါ သေနတ် ၁ လက် ဗုံးသီး ၄ လုံးတို့နဲ့အတူ အမျိုးသား ၂ ဦးကို သေနတ်မှန် ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ လုံခြုံရေးယူနေချိန် တိုက်ကြီးဘက်ကနေ မှော်ဘီဘက်ကို လာတဲ့ ကားတစီးကို တားရာမှ မရပ်ဘဲ မောင်းပြေးလို့ အနောက်ကနေ လိုက်လံပစ်ခတ်ခဲ့တာလို့ ပါရှိပြီး အဆိုပါ လမ်းဘေးထိုးရပ်သွားလို့ စစ်ဆေးချိန်မှာ PDF အမျိုးသား ၂ ဦး (သေဆုံး) နဲ့ သေနတ်၊ ဗုံးသီးတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပစ်ခတ်လို့ သေဆုံးသွားတဲ့ အမျိုးသား ၂ ယောက်ဟာ PDF ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ သူတို့ရဲ့ နေရပ်လိပ်စာ၊ နာမည်နဲ့ ဘယ်သူဘယ်ဝါမှန်း မသိရ သေးပါဘူး။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တုန်းကလည်း စစ်ကောင်စီက ရန်ကုန်၊ မြောက်ဥက္ကလာ၊ ခြောက်ကွေ့မှာ အိမ်စီးကားတစီးကို ပစ်ခတ်ခဲ့လို့ ယာဉ်မောင်းဖြစ်သူ ၁၉ နှစ်အရွယ် လူငယ်အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။