စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက မတ်လ ၉ ရက်မွန်းလွဲ ၁ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်လာပြီး လူနေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ကျောက်မှော်ရွာဟာ အိမ်ခြေ ၆၀၀ ရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ အင်အား ၈၀ ပါ စစ်ကြောင်းဖြစ်ပြီး ထီးချိုင့်မြို့ကနေ မတ်လ ၈ ရက်က ထွက်လာတာလို့ သိရပါတယ်။
ဒေသခံရွာသားတဦးက “ နေ့လယ် ၁ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပြီးဝင်လာတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ရွာနားမှာ မိုင်းကွဲတာတွေလည်းမရှိဘူး။ အဲတာကို ရွာထဲဝင်လာပြီးတော့ နေအိမ်တွေကို မီးရှို့သွားတယ်၊ အိမ်ပေါင် ၄၀၀ ကျော်လောင်သွားတယ်၊ တော်တော်များများ လောင်သွားတာ” လို့ ပြောပါတယ်။
ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ နယ်မြေရှင်းလင်းရေးနဲ့ စစ်ကောင်စီ ကားယာဉ်တန်းလုံးခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးကတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း မတ်လ ၁၀ ရက်ညနေ ၄ နာရီခွဲလောက်မှာ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစ်စီးပျက်စီးသွားပေမေဲ့ တခြားလူတွေတော့ ထိုက်တာရှိမရှိ သိရသေးဘူးလို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဉီးကပြောပါတယ်။
“မန္တလေးဘက်ကနေ တက်လာတဲ့ ယာဉ်တန်းကို ရင်ခွဲတောင်အတက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေလလည်းရှိတယ်။ ကားတစ်စီးတော့ ပျက်စီးသွားတယ်၊ တခြားတော့ အခြေအနေမသိရသေးဘူး” လို့ပြောပါတယ်။
စစ်ကောင်စီ ယာဉ်တန်းမှာ ကားအစီးရေ ၄၆ စီးပါဝင်ပြီးတော့ ကသာမြို့နယ်ကို ဉီးတည်သွားနေတယ်လို့ သိရပါတယ်။ ကားယာဉ်တန်းမှာ စစ်ကောင်စီတပ်သားအင်အားနဲ့ လက်နက်ခဲယမ်းအများအပြား တင်ဆောင်ထားတယ်လို့ သိရပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာဟာ ထီးချိုင့်မြို့ကနေ ၄ မိုင် အကွာမှာရှိတဲ့ ကျေးရွာဖြစ်ပြီး ကျေးရွာပြည်သူတွေက ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်။