Home
မြန်မာသတင်း
လမ်းမတော်မြို့နယ်၌ ဆေးခြောက်ကွတ်ကီးမုန့်ရောင်းသူ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
March 10, 2023
335291820_6023814694402516_2869885718824462937_n

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၁ အရွယ် အမျိုးသားတဦးနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးကို မတ်လ ၈ ရက် ညနေပိုင်းက ဆေးခြောက်အမှုန့်‌တွေ၊ ဆေးခြောက်ကွတ်ကီးမုန့်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့က လမ်းမတော်မြို့နယ်၊ ၇ ရပ်ကွက်၊ ၁၆ လမ်းက ၈ လွှာ တိုက်ခန်းတခုမှာ နေထိုင်တဲ့ ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်သူကို အရင် ဖမ်းဆီးခဲ့တာပါ။

အဲဒီညနေပိုင်းမှာပဲ လမ်းမတော်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ဗဟိုစည်အိမ်ရာဝန်းက ၃ လွှာတိုက်ခန်းတခုမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသားကို ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းထားတဲ့ ကွတ်ကီးမုန့် အခု ၅၀ နဲ့ ဆေးဂေါက်တံ ၁ ခုတို့နဲ့အတူ ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “ဖေ့စ်ဘွတ်ခ်မှာ ဆေးခြောက်ပါတဲ့ ကွတ်ကီးရောင်းတဲ့ နှစ်ယောက် အဖမ်းခံရတာပါ။ ပစ္စည်းတွေမိတာက ဗဟိုစည်မှာ များတယ်၊ ကောင်လေးဆီမှာမိတာ။ သူတို့ဘက်ကပြောတာတော့ မြဝတီကနေသွင်းတယ် ပြောတယ်။ ဒီဘက်ကတော့ စစ်နေတုန်းပဲ။ သူတို့ page မှာ မုန့်လုပ်ပြီးသားတွေက တခု ၄,၅၀၀၊ ၂ ခု အနည်းဆုံးယူမှ ပို့ပေးတယ်လို့ ရေးထားတာ တွေ့တယ်။ ဂရမ် ၁၀၀ လောက်ပဲတွေ့တော့ ရောင်းချမှုမရှိရင် လက်ဝယ်တွေ့ရှိမှုနဲ့ပဲ စွဲလို့ရတယ်။ ကွတ်ကီးထဲ ထည့်ရောင်းတာကျတော့ ဖြန့်ဖြူးသလို ဖြစ်နေပြန်တယ်”လို့ ပြောပါတယ်။

ဆေးခြောက်ကို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဥပဒေပြုပြီး တရားဝင် စိုက်ပျိုး၊ အသုံးပြုခွင့် ပေးနေပေမဲ့ မြန်မာနိုင်ငံမှာတော့ မူးယစ်ဆေးဝါး အမျိုးအစားထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ကွတ်ကီးမုန့်တွေ လူကြိုက်များစေဖို့နဲ့ လူငယ်လူရွယ်၊ ကျောင်းသား ကျောင်းသူတွေ မူးယစ်ဆေးဝါး သုံးစွဲလာစေဖို့ ရည်ရွယ်ပြီး ရက်စက်ယုတ်မာတဲ့အကြံနဲ့ ကွတ်ကီးမုန့်တွေအတွင်း ဆေးခြောက်တွေကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့တာကို ဖော်ထုတ်သိရှိရတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ ထည့်သွင်းဖော်ပြပါတယ်။

CCDAC Myanmar ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မှာ ၂၀၂၃ ဇန်နဝါရီ ၁ ရက်ကနေ မတ်လ ၁၀ ရက်နေ့အထိ မူးယစ်ဆေးဝါး လက်‌ဝယ်တွေ့ရှိမှုနဲ့ ဖြန့်ဖြူးမှုအတွက် ဖမ်းဆီးခံထားရသူ ၁၄ ယောက်ရှိနေပြီး ဆေးခြောက်သုံးစွဲဖြန့်ဖြူးမှုအတွက် ဖမ်းဆီးခံရသူ ၄ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  ရန်ကုန် အပါအဝင် နိုင်ငံတဝန်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ ပိုများလာပြီး မူးယစ်ဆေးဝါးတွေကို ဈေးနှုန်းချိုသာစွာ အလွယ်တကူ ဝယ်ယူရရှိနေတဲ့အတွက် ကျောင်းသားလူငယ်တွေအကြားမှာ သုံးစွဲသူတွေလည်း ပိုမိုများပြား လာနေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013