ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းကျေးရွာအနီးမှာ မတ်လ ၉ ရက် နေ့လယ်ပိုင်းက ခရီးသယ်တင်ယာဥ်တစီး တိမ်းမှောက်ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံယူခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ယာဥ်မှာ ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ ကြံတိုင်းအောင် ခရီးသည်တင်ယာဥ်ဖြစ်ပြီး ရှေ့ကကားကို ရှောင်ရာက အရှိန်လွန်ပြီး တိမ်းမှောက်သွားတာလို့ ဖြူစင်ရင်ခွင်ဖောင်းဒေးရှင်းမှ အတွင်းရေးမှူး ကိုဆယ်လ်မွန်က ပြောပါတယ်။
“ခရီးသည်တင်ယာဥ် တိမ်းမှောက်တာကတော့ ယာချောင်းကျေးရွာအနီးမှာ ဖြစ်တယ်။ ကားက သွားနေတဲ့ ဖော့ကား(တေဘာ)က အချက်ပြမီးမပြဘဲ ကွေ့လိုက်တာကြောင့် အဲဒီကားကို ရှောင်ရာမှာ အရှိန်လွန်ပြီး တိမ်းမှောက်သွားတာဖြစ်တယ်။ ခရီးသည်အမျိုးသမီး နှစ်ဦးကတော့ ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ကြရတယ်။ ဒဏ်ရာတွေကတော့ သိပ်မပြင်းထန်ဘူး။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာအနည်းငယ်လောက်ပဲ ပွန်းသွားကြတယ်။”
အခုတိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ယာဥ်မှာ ခရီးသည် ၁၀ ယောက်ကျော် စီးနင်းလိုက်ပါလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့ နိုဝင်ဘာလတုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာနဲ့ ယိုးငူကျေးရွာတို့မှာ ယာဥ်တိုက်မှုကြောင့် အမျိုးသမီးတဦးနဲ့ ကလေးတဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၂၁ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၈၃ ဦးအထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။