ဟိုပန် ‘ဝ’နှစ်ခြင်းခရစ်ယာန်အသင်းတော် (WBC) ရဲ့ နှစ် ၅၀ ပြည့် ရွှေရတု ကျေးဇူးတော်ချီးမွမ်းပွဲ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကောင်းဟုန်းရပ်ကွက်ရှိ WBC ဘုရားကျောင်းဝင်းအတွင်းမှာ စတင် ကျင်းပနေပါတယ်။
နှစ် ၅၀ ပြည့် ရွှေရတု ကျေးဇူးတော်ချီးမွမ်းပွဲကိုလာမယ့် ဧပြီ ၅ ရက်မှ ၇ ရက်နေ့ထိ ၃ ရက်ကျင်းပမှာဖြစ်ပြီး အားကစားပွဲတွေကို ကြိုတင်ကျင်းပနေတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီ ကနေသိရပါတယ်။
ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို မနေ့ကစတင်ကျင်းပနေပြီး၊ ဘောလုံးပြိုင်ပွဲကို မတ်လ ၁၆ ရက်ကစပြီး ၁၀ ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီး(ဖူဆယ်)ပြိုင်ပွဲ၊ လွန်ဆွဲ၊ ချောတိုင်နဲ့ ခေါင်းအုံးရိုက် စတဲ့အားကစားတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အားကစားကိုလူငယ်တွေ စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲကာ လမ်းမှားမရောက်စေဖို့ ရည်ရွယ်ပြုလုပ်တာလို့ အားကစားဆပ်ကော်မတီ ဦးဆောင်သူက ပြောပါတယ်။
"အဓိက နှစ် ၅၀ ပွဲကို လူတွေသိစေချင်တာ။ အထိမ်းအမှတ်ပွဲလည်း ဖြစ်တယ်။ ဒီလိုအားကစားပြိုင်ပွဲကို အမြဲလုပ်သွားစေချင်တယ်။ လူငယ်တွေအတွက် ကောင်းတဲ့ပြိုင်ပွဲပါ။”
ပွဲတော်ကာလမှာ ခြင်းခတ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ၁၃ သင်း၊ ဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ၈ သင်းက ပြိုင်ပွဲဝင်ကြေးပေးသွင်းကာ ယှဉ်ပြိုင်ကစားနေကြတာ ဖြစ်ပါတယ်။
ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲအတွက် ပထမဆု ကျပ် ၃ သိန်း၊ ဒုတိယကို ကျပ် ၂ သိန်း၊ တတိယကို ကျပ်၁သိန်းနဲ့ နှစ်သိမ့်ဆုကို ကျပ် ၅၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင်ငွေကတော့ ဒီထက်ပိုများမယ်လို့ သိရပါတယ်။