လာမယ့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ရန်ကုန်မှာကျင်းပမယ့် အားကစားပြိုင်ပွဲတွေကို လူငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်လာအောင် စစ်ကောင်စီက ဆုကြေးအများအပြားနဲ့ မက်လုံးပေးဆွဲဆောင်နေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ပြိုင်ပွဲတွေ လုပ်ကိုလုပ်ရမယ် ညွှန်ကြားထားတယ်။ အပြေးပြိုင်ပွဲတွေ၊ ဘောလုံးပြိုင်ပွဲတွေ ရပ်ကွက်အားကစားပွဲတွေ လုပ်ဖို့ ညွှန်ကြားထားတာ။ ရပ်ကွက် အများစုကတော့ လုပ်ဖို့ရှိတယ်။"
မြို့နယ်အချို့ ရပ်ကွက်တွေမှာတော့ အားကစားပြိုင်ပွဲကို လူငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်လာချင်အောင် ဆုကြေးငွေ အများအပြားပေးကာ ဆွဲဆောင် ခေါ်ယူတာတွေလည်း ရှိတယ်လို့ မြောက်ဥက္ကလာပမြို့ခံလူငယ်တဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့မြို့နယ်မှာလည်း လုပ်မဲ့သူတွေရှိတယ်။ ဆုငွေ ငါးသိန်း၊ ဆယ်သိန်းအထိရှိတယ်။ အားကစားနည်းကတော့ အမျိုးမျိုး၊ ဒါပေမဲ့ ရပ်ကွက်က ဦးဆောင်ပြီး လုပ်တဲ့ပွဲတော့ ဘယ်သူမှ သွားမကစားဘူး။"
တောင်ဒဂုံမြို့နယ်မှာတော့ အရင်နှစ်တွေထက် စစ်ကောင်စီက ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပိုမိုစည်ကားအောင် ရပ်ကွက်တွေမှာ ဆုကြေးငွေ သိန်းနဲ့ချီကာ ပေးမယ်ဆိုပြီး လူငယ်တွေကို စည်းရုံးနေတယ်လို့ မြို့ခံလူငယ်တဦးက ပြောပါတယ်။
"ဒီနှစ် ကျနော်ရပ်ကွက်မှာ အပြေးပြိုင်ပွဲ ဝင်ပြိုင်မဲ့သူမရှိဘူး။ နောက်ထပ် စစ်တပ်က မက်လုံးပေးလိုက်တယ် ဆုရရင် သုံးသိန်း၊ နှစ်သိန်းအဲ့လို ပေးမှာဆိုပြီး အသံထွက်လာတယ်။ အဲ့ဒီအခါမှာ မရှိတဲ့သူကတော့ ဝင်ပြိုင်မှာပဲ၊ အားကစားစိတ်ဓာတ်မဟုတ်ဘူး ပိုက်ဆံရဖို့။"
စမ်းချောင်းမြို့နယ်ရှိ ရပ်ကွက်အချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လွတ်လပ်ရေးနေ့မှာ ပျော်ပွဲရွှင်ပွဲ မလုပ်ဘူးလို့ ဆိုင်းဘုတ်ချိတ်ဆွဲထားတာတွေရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီကလည်း ၇၅ နှစ်မြောက်ကျရောက်တဲ့ လွတ်လပ်ရေးနေ့ စိန်ရတုအခမ်းအနားကို နေပြည်တော်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဥ်ထားတာလည်းရှိပါတယ်။
အဲ့ဒီနေ့မှာတော့ နေပြည်တော် ဗိုလ်ရှုသဘင်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားအတွက် အလေးပြုခံမှာဖြစ်ပါတယ်။