ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်စံပြကျေးရွာမှာ မတ်လ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက အမျိုးသားတယောက် အရက်မူးပြီး ကိုယ့်အိမ်ကိုယ် မီးရှို့ရာက နေအိမ် ၃ အိမ် မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
မီးလောင်သွားတဲ့ အိမ်တွေကတော့ ပိုးရွှီပြင်ကျေးရွာ ရွာမလမ်းရှိ ဦးခင်မောင်၊ ဦးဘရွှေနဲ့ ကိုကျော်ဆန်းတို့ရဲ့ နေအိမ်တွေ ဖြစ်ကြပြီး ဦးခင်မောင်ရဲ့သားဖြစ်သူ အရက်မူးပြီး အိမ်ကို မီးရှို့ရာက ဘေးကအိမ်နှစ်လုံးကိုပါ ကူးစက်လောင်ကျွမ်းသွားတာလို့ ကျေးရွာသားတဦးက ပြောပါတယ်။
“ရှို့မီးကြောင့် ဖြစ်တာပါ။ နေ့လယ် ၁၂ နာရီကျော်လောက်မှာ နိုင်နိုင်ချေဆိုတဲ့သူက သူ့အမေနဲ့ ရန်ဖြစ်ကြတော့ အရက်မူးလာပြီး သူ့ရဲ့အိမ်ကို မီးရှို့တာ၊ အဲဒီမှာ ဘေးကအိမ်နှစ်ဆောင် ကူးစက်ပြီး လောင်ကျွမ်းသွားတာဖြစ်တယ်။ အားလုံး လောင်ကျွမ်းသွားတာကတော့ ၃ ဆောင်။ နေပူက တအားပြင်းတော့ မီးက ကူးစက်လွယ်တယ်။ အဲဒါကြောင့် ဘေးကအိမ်တွေကို မြန်မြန်ကူးစက်သွားတာဖြစ်တယ်။ မီးကတော့ ၁ နာရီကျော်လောက်မှာ ရွာသားတွေက ဝိုင်းဝန်း ငြှိမ်းသတ်ကြတယ်။”
အခုမီးလောင်မှုကြောင့် တိုက်အိမ်တဆောင်နဲ့ ပျဥ်စီအိမ် ၂ ဆောင် ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ဖိုးလောက် ရှိတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အရက်မူးပြီး အိမ်ကိုမီးရှို့ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် နိုင်နိုင်ချေကိုတော့ ရက္ခိုင့်တပ်တော်ရဲ့ နယ်မြေရုံးက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“အရက်မူးပြီး မီးရှို့တဲ့ နိုင်နိုင်ချေကို ရက္ခိုင့်တပ်တော် နယ်မြေရုံးက ဖမ်းဆီးသွားတယ်။ မီးလောင်ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း ၃၀၀ လောက် ရှိနိုင်တယ်ဗျ။”
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းမှာ စက်သုံးဆီသိုလှောင်တဲ့နေရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုတွေကြောင့် ပုဏ္ဏားကျွန်းက ရဟန်းတပါး၊ ကျောက်တော်မြို့နယ်က အမျိုးသားတယောက်နဲ့ မြောက်ဦးမြို့နယ်က အဘွားအိုတယောက် သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေအတွင်း မီးလောင်မှုအကြိမ်ရေ ၂၀ ကျော်အထိ ရှိလာပြီလို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။