Home
မြန်မာသတင်း
တရားစွဲခံထားရသည့် YFA စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ရုံးချိန်းတိုင်းမတက်ဘဲ ရှောင်လွှဲ
lusane
·
March 8, 2023
333543893_171309232367309_1031374403504363000_n

ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်ရှိ YFA အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားရဲ့ တရားစွဲဆိုမှုကို ရှောင်လွှဲနေပြီး ခေါ်ယူတဲ့ရုံးချိန်းတိုင်း ပျက်ကွက်နေတယ်လို့ အဲဒီအလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ အချက်နဲ့ အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားကို ဇန်နဝါရီလကုန်က ရွှေပြည်သာမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

ဒီနေ့ မတ် ၈ ရက်နေ့မှာ တရားရုံးက လေးကြိမ်မြောက် ရုံးချိန်းခေါ်ယူခဲ့ပေမဲ့ အလုပ်ရှင် လာရောက်ခဲ့ခြင်းမရှိသလို အရင်ရုံးချိန်းတွေတုန်းကလည်း လာရောက်ရင်ဆိုင်ခဲ့တာ မရှိဘူးလို့ STUM တာဝန်ရှိသူတဦးက ပြောပါတယ်။

“တရားရုံးကိုပါ မထီမဲ့မြင်ပြုတာ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး မြန်မာနိုင်ငံရဲ့ တရားရေးကိုပါ ဂရုမစိုက်တဲ့သဘော။”

အခုလို အလုပ်ရှင်က ရုံးချိန်းပျက်ကွက်တာကြောင့် အလုပ်သမားဘက်ကပဲ တဖက်သတ် လျှောက်လဲချက်တင်ခဲ့ရပြီး လာမယ့် မတ် ၁၇ ရက်မှာ ကြားဖြတ်အမိန့်ချဖို့ရှိတယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။

လက်ရှိ တည်ဆဲ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အလုပ်ရှင်အနေနဲ့ ရုံးချိန်းပျက်ကွက်နေပေမဲ့ ကြားဖြတ်အမိန့်ချပြီးရင် ဖမ်းဆီးအမိန့်ပါ ရင်ဆိုင်ရမယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

လက်ရှိမှာ အဲဒီ YFA စက်ရုံပိုင်ရှင်ဟာ ပြည်ပကို သွားရောက်နေတယ်ဆိုပြီး စက်ရုံတာဝန်ရှိသူတွေက တရားရုံးကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

စက်ရုံအလုပ်သမားက ပိုင်ရှင်ကို ပြန်လည်တရားစွဲဆိုမှုဟာ အထည်ချုပ်စက်ရုံလောကမှာ ပထမဆုံးဖြစ်တာကြောင့် တရားရုံးရဲ့ အဆုံးအဖြတ်ကို အလုပ်သမားတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024