စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ကနေ ရေး-မော်လမြိုင်-ရန်ကုန်ကို ပြေးဆွဲနေတဲ့ မော်တော်ယာဥ်လိုင်းတွေ အရှုံးပေါ်ပြီး ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနေတယ်လို့ ယာဥ်လိုင်းဆွဲနေသူတွေက ပြောပါတယ်။
ကားသမားတဦးက “စစ်တပ်အာဏာသိမ်းပြီးတဲ့ ကာလအတွင်းမှာ စက်သုံးဆီစျေးတွေ တက်သွားတယ်။ ကားခပါ လိုက်တက်ပေမဲ့ အရင်ကလို ခရီးသည်တွေ အသွားအလာ သိပ်မရှိကြတော့ ကားစရိတ်တွေက မရကြတဲ့အခါ ဒေသထွက်ကုန်တွေ၊ ကုန်ပစ္စည်းနဲ့သာ နည်းနည်းပါးပါး ဆီဖိုးပြန်ရတာ။ ဘာမှမရတဲ့ကားဆို ကျပ်သိန်းချီ ရှုံးကြတယ်” လို့ ပြောပါတယ်။
ရေး-မော်လမြိုင် ခရီးစဥ်ကို ပြေးဆွဲနေတဲ့ ယာဥ်လိုင်းငယ်တွေမှာ ကားတွေ ဒါဇင်နဲ့ချီ ပြေးဆွဲနေပေမဲ့ ခရီးသည်မရတဲ့အတွက် ယာဥ်လိုင်းငယ်တွေ ဆက်လက်မပြေးဆွဲနိုင်တော့ဘဲ နေ့တိုင်းအရှုံးပေါ်နေကာ အလုပ်ပါရပ်နားထားရပြီး မိသားစုစားဝတ်နေရေးပါ ခက်ခဲလာကြတယ်လို့ ယာဥ်လိုင်းကို မှီခိုနေတဲ့သူတွေက ဆိုပါတယ်။
အရင်က ရေး-မော်လမြိုင်-ရန်ကုန် တိုက်ရိုက်ကားခရီးစဥ်တွေ နေ့ည အဝင်အထွက် ရှိနေပေမဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်မှာ ခရီးသွားယာဥ်လိုင်းတွေ ပိုပြီး အကျပ်ရိုက်သွားစေခဲ့တယ်လို့ ခရီးသွားလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
ခရီးသွားတယောက်က “အခုချိန်က ကားလမ်းတွေမှာ ညဘက်တွေဆို သွားလာလို့ အရင်ကလို မလုံခြုံဘူး။ လမ်းခရီးတွေမှာလည်း စစ်တာဆေးတာ များတယ်။ ပစ်တာခတ်တာနဲ့ ဆုံရတဲ့အခါဆို လမ်းပိတ်ဆို့တာနဲ့ ကြုံရရင် အချိန်တွေက ကြန့်ကြာနေသလို အန္တရာယ်လည်းရှိကြတော့ အခုချိန်က အရေးကြီးကိစ္စကလွဲပြီး မသွားတာကောင်းပါတယ်” လို့ ပြောပါတယ်။
ရေး-မော်လမြိုင်-ရန်ကုန် ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အကြား မကြာခဏ တိုက်ပွဲဖြစ်နေသလို စစ်ကောင်စီကားတွေလည်း မိုင်းဆွဲတိုက်ခိုက်တာ၊ ချုံခိုတိုက်ခိုက်တာတွေ အမြဲခံနေရတယ်လို့ ပြောပါတယ်။