မန္တလေးကနေ လားရှိုးမြို့ကို သွားမယ်ဆိုရင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကိုသာ လက်ခံတင်ဆောင်တယ်လို့ မော်တော်ယာဉ်လိုင်းတွေဆီက သိရပါတယ်။
ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို မန္တလေး၊ ဒါမှမဟုတ် အခြားမြို့တွေကနေ သွားရောက်မယ်ဆိုရင် မော်တော်ယာဉ်လိုင်းတွေအနေနဲ့ ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကိုသာ တင်ဆောင်နေရပြီး အခြားဒေသက မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကိုတော့ တင်ဆောင်ခွင့်မရကြဘူးလို့ ဆိုပါတယ်။
မန္တလေး-လားရှိုး ပြေဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း ဝန်ထမ်းတဦးတယောက်က “မန္တလေး-လားရှိုး ခရီးစဉ်က နေ့တိုင်းရှိပါတယ်။ ၁၃ မျဉ်းစောင်းဆိုရင်တော့ ရပါတယ်။ တခြားဆိုရင်တော့ မရပါဘူး။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေက ၁၃ မျဉ်းစောင်းမဟုတ်ရင် အရမ်းစစ်ဆေးတာတွေ၊ ပိုက်ဆံပေးရတာတွေ အရမ်းများလို့ပါ။ ပိုက်ဆံပေးရတာကတော့ မန္တလေးအထွက် စစ်တပ်ဂိတ်တွေမှာ ပေးရတာမို့လို့ပါ” လို့ ပြောပါတယ်။
လက်ရှိမှာ မန္တလေးမြို့ကနေ လားရှိုးမြို့ကို Express ကားကြီးတွေ မပြေးဆွဲပေမဲ့ အိမ်စီးကားငယ်တွေနဲ့ ပြေးဆွဲပေးနေတာဖြစ်ပြီး ကားခကတော့ ခေါင်းခန်းကို ကျပ် ၃ သိန်းခွဲ၊ အနောက်ခန်းကို ကျပ် ၃ သိန်းအထိ ဈေးပေါက်နေတယ်လို့ မော်တော်ယာဉ်လိုင်းတွေဆီက သိရပါတယ်။
လားရှိုးမြို့တွင်းနဲ့ မြို့အပြင်ဂိတ်တွေမှာ MNDAA က စစ်ဆေးနေပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ဒေသခံတွေသာ မြို့အတွင်းကို ဝင်ရောက်ခွင့်ပေးထားတယ်လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
“မြို့အတွင်းလည်း စစ်ဆေးမှုတော့ ရှိတယ်။ သွားလာတာက အေးအေးဆေးဆေးပါပဲ။ သူတို့စစ်လို့ အကျိုးအကြောင်း ခိုင်လုံရင် ဘာမှမဖြစ်ပါဘူး။ လားရှိုးမြို့ခံ မဟုတ်ရင်တော့ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတော့ တော်တော်လုပ်တယ်။”
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ MNDAA က လားရှိုးမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေးနဲ့ ဆက်သွယ်ရေး ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးနေပါတယ်။