Home
ဆောင်းပါး
အိပ်မက်တွေအတိုင်းလျှောက်လှမ်းနေတဲ့ အမြင်အာရုံမသန်စွမ်းသူ အမျိုးသမီး Youtuber
DVB
·
March 7, 2023
Untitled-1

“အားလုံးပဲ မင်္ဂလာပါရှင် …. ဖူးရဲ့ ဝေဖူးသန့်ဇင် ချန်နယ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။” ဆိုတဲ့နှုတ်ဆက်စကားသံ ကို အမျိုးသမီးငယ်တစ်ဦးဟာ ဖုန်းကင်မရာရှေ့မှာ ပြုံးရွှင်စွာပြောနေတယ်။

အမျိုးသမီးငယ်ဟာ သူပြောချင်တဲ့အကြောင်းအရာတွေကို ရှင်းလင်းတိကျစွာနဲ့ ပြောဆိုရိုက်ကူးနေပါတယ်။ အားလုံးပြီးတဲ့အခါ မှာတော့ ရိုက်ကူးထားတဲ့ရုပ်သံဖိုင်တွေကို ကွန်ပျူတာထဲကူးရင်း တည်းဖြတ်ဖို့ပြင်ဆင်ပါတယ်။

အမျိုးသမီးငယ်ကွန်ပျူတာအသုံးပြုပုံကတော့ သာမာန်လူတွေနဲ့ကွာခြားပါတယ်။ အကြောင်းကတော့ ကွန်ပျူတာခလုတ်တွေ ကိုနှိပ်လိုက်တိုင်း screen reader (အမြင်အာရုံမသန်စွမ်းသူတွေအသုံးပြုနိုင်အောင် ကွန်ပျူတာ (သို့)ဖုန်းရဲ့လုပ်ဆောင်ချက် တွေ အားလုံးကိုအသံထွက်စနစ်နဲ့ပြောပြပေးတဲ့) ဆော့ဝဲကနေ အသံကိုနားထောင်ရင်း အသုံးပြုနေတာပါ။

အကြောင်းကတော့ အမျိုးသမီးငယ်ဟာ မွေးရာပါအမြင်အာရုံ တစ်စိတ်တစ်ပိုင်းချို့ယွင်းမှုကို ခံစားနေရလို့ပါ။ သူကတော့ Youtuber တစ်ဦးအဖြစ်ရပ်တည်နေတဲ့ မဝေဖူးသန့်ဇင်ပါ။

မဝေဖူးသန့်ဇင်ဟာ ကိုယ်ပိုင်ယူကျူ့ချန်နယ်တစ်ခုထောင်ကာ မသန်စွမ်းသူတွေအတွက် အသိပညာပေးအစီအစဉ်တွေ မျှဝေ ရင်း Social Influencer/ Content creator  အနေနဲ့ရပ်တည်နေသလို သီချင်းတွေသီဆိုတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါ တယ်။

ခွဲခြားဆက်ဆံခံရမှုတွေနဲ့ငယ်ဘဝ

မဝေဖူးသန့်ဇင်ရဲ့ အမြင်အာရုံဟာ Retinitis Pigmentosa လို့ခေါ်တဲ့ မြင်လွှာမှာပုံရိပ်ခံတဲ့ အလွှာပျက်စီးနေတဲ့ အခြေအနေ ကြောင့် အမြင်အာရုံမသန်စွမ်းမှုဖြစ်ခဲ့ပါတယ်။ လမ်းလျှောက်တတ်ခါစအရွယ်မှာ ပစ္စည်းတွေကိုတိုက်မိတာ၊ အပြင်ကနေ အရုပ်တစ်ခုခု၊ စားစရာတစ်ခုခုဝယ်လာတဲ့အခါမှာ မျက်လုံးနဲ့မကြည့်ဘဲလက်နဲ့လိုက်စမ်းတဲ့ အမူအရာတွေကြောင့် မိဘတွေ က စတင်သတိထားမိခဲ့ကြတာပါ။  

မဝေဖူးသန့်ဇင်ရဲ့ အမြင်အာရုံဟာ အရာဝတ္ထုအားလုံးကို လုံးဝမမြင်ရတာမျိုးမဟုတ်ပေမယ့် အရာအားလုံးကဝါးနေပြီး အလင်း နဲ့အမှောင်ကိုပဲ ခွဲမြင်ရပါတယ်။ နေ့ခင်းဘက် အလင်းအားကောင်းချိန်ဆို လူပုံရိပ်တွေကိုတော့ ပုံရိပ်အတိုင်းသာမြင်ရပြီး ယောကျာ်း၊မိန်းမ ခွဲမမြင်ရပါဘူး။ တီဗီ၊ကွန်ပျူတာ၊ဖုန်း မျက်နှာပြင်တွေဆိုရင်လည်း ပိတ်နေ၊ ပွင့်နေတာကို မြင်ရပြီး screen ပေါ်က အရာတွေကိုတော့ တိတိကျကျမမြင်ရပါဘူး။

“ ကွန်ပျူတာတွေမှာ ကြည့်ရပြီဆိုရင်လည်း နှာခေါင်းနဲ့ screen နဲ့ ထိတဲ့အထိကိုကြည့်ရတယ်။ ထိတဲ့အခါမှ ပုံရိပ်ကလေး တွေကိုတွေ့ရတယ်။” လို့မဝေဖူးသန့်ဇင်က သူ့အမြင်အာရုံနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။

မဝေဖူးသန့်ဇင် ကျောင်းနေအရွယ်ရောက်တဲ့အခါမှာ မိသားစုဟာ နယ်မှာနေကြတာဖြစ်တဲ့အတွက် မျက်မမြင်သီးသန့်ကျောင်း တွေရှိတယ်ဆိုတာ မသိခဲ့ကြဘူး။ ဒါကြောင့် သာမာန်ကျောင်းမှာပဲ ဘေးနားကကူညီပေးမယ့် လူတစ်ယောက်နဲ့ကျောင်းတတ် ခဲ့ရတယ်။

စာသင်ချိန်မှာ ဆရာမတွေပြောတာကို နားနဲ့သာလိုက်နားထောင်ပြီးကျောင်းတတ်ခဲ့ရတယ်။ ကကြီးခခွေးသင်တဲ့အရွယ်ထဲက ကကြီးကဘယ်လိုပုံ ခခွေးကဘယ်လိုပုံဆိုတာမျိုးသင်ခဲ့ရတဲ့အတွက် စာရေးတတ်ခဲ့တယ်။ ကိုယ်တိုင်ရေးလိုက်တဲ့စာကိုတော့ ကိုယ်တိုင်မမြင်ရ မဖတ်နိုင်ပါဘူး။

စာကျက်တဲ့အခါမှာလည်း မိခင်ဖြစ်သူက မြန်မာစာ၊ ပထဝီ၊ သမိုင်း စတဲ့ ကျက်စာတွေကို တိတ်ခွေလေးနဲ့ အသံသွင်းပေးထားတာကို နားထောင်ပြီးကျက်ခဲ့တယ်။ တွက်စာ တွက်တဲ့အခါမှာတော့ စာရွက်ဆိုဒ်အကြီးကြီးတွေပေါ်မှာ ချရေးပြီးတော့ တွက်ခဲ့ရတယ်။ အသံနဲ့ပဲနားထောင်ပြီးသင်ကြားခဲ့ရတဲ့အတွက် သူများထက် ခက်ခက်ခဲခဲလေ့လာသင်ယူခဲ့ရတယ်။

ကျောင်းမှာရွယ်တူတွေနဲ့ ဆော့ကစားတဲ့အခါမှာလည်း အမြင်အာရုံမသန်စွမ်းမှုကြောင့် သူများဆော့သလိုမဆော့နိုင်တဲ့အခါ အပယ်ခံဖြစ်တာ၊ အိမ်မှာ ဝမ်းကွဲမောင်နှမတွေနဲ့ ဂိမ်းဆော့ကြတဲ့အခါမှာလည်း မဆော့တတ်ဆော့တတ်နဲ့ ဝင်ဆော့တဲ့အခါမှာ ရှုပ်တယ်လို့ ပြောခံရတာ စတာတွေ ခံစားခဲ့ရတယ်။

“ သူတို့ဆော့သလိုကိုယ်ကမဆော့နိုင်တဲ့အခါကျတော့ ကိုယ့်ကိုမခေါ်ဘဲသူတို့သွားဆော့ကြတဲ့အခါမှာ စိတ်ထိခိုက်ခဲ့ရတာ မျိုးလေးတွေရှိတယ်။ တကယ်တော့မျက်မမြင်ကျောင်းမှာ စကတည်းကနေခဲ့တယ်ဆိုရင်လည်း ဒီလိုမျိုးအခက်အခဲလေးတွေ ရှိချင်မှရှိမယ်။” လို့ မဝေဖူးသန့်ဇင်က ငယ်ဘဝအကြောင်းကို ပြောပြပါတယ်။

ဒီလိုနဲ့ ငါးတန်းဖြေပြီးတဲ့အခါမှာတော့ ခဝဲခြံမျက်မမြင်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားမဟုတ်ဘဲနဲ့ အပြင်ကျောင်းသူ အနေနဲ့ မျက်မမြင်စာနဲ့ အမြင်အာရုံမသန်စွမ်းသူတွေသုံးတဲ့ ကွန်ပျူတာအသံထွက်စနစ်နဲ့သင်ရတဲ့ ကွန်ပျူတာအသုံးပြုပုံတွေ သင်ခဲ့ရတယ်။

အထက်တန်းရောက်တဲ့အခါမှာတော့ အမြင်အာရုံနဲ့ပတ်သက်တာအပြင် အာရုံကြောအားနည်းတာကြောင့် မူးဝေတာ၊ အော့အန်တာ၊ ခေါင်းကိုက်တာမျိုးတွေခံစားခဲ့ရတယ်။ တက္ကသိုလ်ဝင်တန်းရောက်တဲ့အခါ ခေါင်းမူးခေါင်းကိုက်တဲ့ဝေဒနာ ခံစားရပြီး နှစ်ဝက်လောက်မှာတော့ သတိလစ်မေ့မြောတာတွေဖြစ်လာခဲ့တယ်။ ဆိုးဝါးလာတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်တဲ့အထိဆက်မဖြေတော့ဘဲ ရပ်ခဲ့တယ်။

“ လုပ်ချင်တာတွေ အရမ်းများတယ်။ ဖြစ်ချင်တာတွေ အရမ်းများတဲ့အခါကျတော့ ကိုယ်ထမ်းနိုင်တဲ့ဝန်နဲ့ ကိုယ်လုပ်နေတဲ့ အားနဲ့ မမျှတာပေါ့။ မမျှတဲ့အလုပ်တွေ လုပ်ခဲ့တယ်။ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တာတွေရှိတဲ့အခါကျတော့ အာရုံကြောက မလိုက်နိုင်တော့ဘူး”လို့ မဝေဖူးသန့်ဇင်က ရှင်းပြပါတယ်။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်သူ

မဝေဖူးသန့်ဇင်ဟာ တက္ကသိုလ်ဝင်တန်းမဖြေဖြစ်ခဲ့ပေမယ့် တခြားပညာရပ်တွေကိုလေ့လာခဲ့တယ်။ ငယ်ငယ်ကတည်းက ကွန်ပျူတာကိုစိတ်ဝင်စားသူဖြစ်တဲ့အတွက် ကွန်ပျူတာသင်တန်းတွေတက်ခဲ့တယ်။ ဒါ့အပြင်အိပ်မက်တစ်ခုဖြစ်တဲ့ အဆိုတော် လုပ်ဖို့လည်း စိတ်အားထက်သန်ခဲ့တယ်။

မဝေဖူးသန့်ဇင်ရဲ့မိခင်ကလွဲလို့ တခြားမိသားစုဝင်တွေက အနုပညာလောကဟာ ရှုပ်ထွေးပြီး သာမာန်သန်စွမ်းသူတစ်ယောက်တောင် အနုပညာလောကမှာ ရပ်တည်ဖို့ခက်ခဲတဲ့အတွက်ကြောင့် အနုပညာအလုပ်ကိုမလုပ်စေချင်ခဲ့ဘူး။ မိခင်ဖြစ်သူကတော့ မဝေဖူးသန့်ဇင်ရဲ့ ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးဖို့ဆန္ဒရှိခဲ့တယ်။

“ ဖူးကတော့ ကိုယ့်ဘာကိုယ် ရပ်တည်ချင်တဲ့ဆန္ဒရှိတယ်။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် သာမာန်လူသားတွေလိုပဲ ကိုယ့် ဘဝကို ရပ်တည်နိုင်ရမယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့သူဖြစ်ရမယ်။ တစ်ချိန်ကြရင်ကိုယ့်ရဲ့မိသားစုကို အကျိုး ပြန်ပြုနိုင်တဲ့သူဖြစ်ရမယ်လို့ ငယ်ငယ်ကတည်းကခံစားချက်လေးရှိခဲ့တယ်။”လို့မဝေဖူးသန့်ဇင်က သူ့ခံယူချက်ကိုပြောပါတယ်။

ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်က မဝေဖူးသန့်ဇင်ကို မိသားစုအပေါ် ပြန်အကျိုးပြုနိုင်မယ့်သူမဟုတ်ဘဲ မိသားစုကသာ စောင့်ရှောက်ထားရမယ့် သူမျိုးအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်တယ်။ မဝေဖူးသန့်ဇင်ကတော့ ဒီအမြင်တွေကို ဆန့်ကျင်ပြီး စွမ်းဆောင်နိုင်စွမ်းတွေရှိတယ်ဆိုတာကို ပြချင်ခဲ့တယ်။

၁၀ တန်း ဆက်မဖြေတော့တဲ့နောက် မိခင်ဖြစ်သူနဲ့အတူ ရန်ကုန်ကိုထွက်လာကာ ကွန်ပျူတာသင်တန်းတွေ တက်ခဲ့တယ်။ မုန့်ဖိုးလေးတွေစုကာ သီချင်းလေးတွေ ဝယ်ထားခဲ့တယ်။ မိသားစုအနေနဲ့ မဝေဖူးသန့်ဇင်ကို ရန်ကုန်မှာနေဖို့ စိတ်ပြေလက်ပျောက်သဘောမျိုးနဲ့သာ လွှတ်ခဲ့တာဖြစ်ပြီး အချိန်ကြာကြာနေခိုင်းဖို့ စိတ်ကူးမရှိခဲ့ပါဘူး။

“ အိမ်က မထောက်ပံ့လည်းပဲ ငါ့ဟာငါ့ရပ်တည်နိုင်အောင် ရပ်တည်မယ်ဆိုပြီး အလုပ်လျှောက်ကာ ရတဲ့လစာနဲ့ရပ်တည်ပြီး နေခဲ့တယ်။” လို့ မဝေဖူးသန့်ဇင်က ပြောပါတယ်။

အသက် ၂၀ လောက်မှာတော့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှာ ရေဒီယိုအစီစဉ်ကြေညာသူအဖြစ် ပထမဦးဆုံး အလုပ်စတင်လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီမှာပဲ တစ်နှစ်ခွဲကြာတဲ့အချိန်မှာ ပရိုဂျူဇာအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။

၂၀၁၉ ခုနှစ်မှာတော့ ရုံးအလုပ်ကနေထွက်ပြီး အရင်ထဲက ပိုက်ဆံလေးတွေစုကာ သီချင်းလေးတွေ ဝယ်တာတွေ၊ အသံသွင်းထားတာလေးတွေကို အခွေထုတ်ဖို့စီစဉ်ခဲ့တယ်။ ၂၀၁၉ ခုနှစ် ဇွန်လမှာတော့ Just Friend ဆိုတဲ့သီချင်းအယ်ဘမ်ခွေထုတ်ခဲ့တယ်။

“ ငယ်ငယ်ကတည်းက သီချင်းဆိုတဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့တယ်ဆိုတော့ ဒီအခွေလေးကို ဘဝရဲ့အမှတ်တရမှတ်တိုင်လေးအဖြစ် စိုက်ထူနိုင်ခဲ့တယ်။ ဒီအခွေလေးအပေါ်မှာ ကျေနပ်ပါတယ်။” လို့ မဝေဖူးသန့်ဇင်ကပြောပါတယ်။

Youtuber ဘဝ ခြေလှမ်းအစ

မဝေဖူးသန့်ဇင်ကိုယ်တိုင်လည်း ဆိုရှယ်မီဒီယာ အသုံးပြုမှုများလာတဲ့အတွက် ကိုယ်တိုင် Youtube Channel တစ်ခုလုပ်ချင် စိတ်တွေအစပျိုးခဲ့တယ်။ အရင်တုန်းကလည်း မသန်စွမ်းအသိပညာပေး အစီအစဉ်လေးတွေလုပ်ကိုင်ခဲ့ဖူးတော့ ဒီလိုအသိ ပညာပေးမှုတွေကို ဆိုရှယ်မီဒီယာကတစ်ဆင့် ပြည်သူလူထုကြားထဲထိုးဖောက်နိုင်မယ်လို့တွေးမိခဲ့တယ်။

ဒါ့အပြင် အမြင်အာရုံ မသန်စွမ်းသူတွေအတွက်က သက်ဆိုင်ရာမသန်စွမ်းအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေရုံးတွေမှာသာ အလုပ်အကိုင်တွေ ရနိုင်ကြပြီးတော့ တခြားအပြင်ကုမ္ပဏီနဲ့တခြားလုပ်ငန်းတွေမှာ မသန်စွမ်းသူတွေအတွက်အလုပ်အကိုင် ရရှိဖို့က ခက်ခဲပါတယ်။ ယူကျူ့ချန်နယ်ကနေ ဝင်ငွေရရှိနိုင်တဲ့အတွက် မသန်စွမ်းတွေအတွက် အသိပညာပေးအစီအစဉ်တွေ လုပ်ရင်းတဖက်မှာလည်း အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ်လုပ်ကိုင်နိုင်ဖို့စတင်ဖြစ်ခဲ့တယ်။

“ မသန်စွမ်းသူတစ်ယောက်ဖြစ်တဲ့အတွက် မသန်စွမ်းအဖွဲ့အစည်းအသိုင်းအဝိုင်းအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ဆောင်ရွက်ချင်တဲ့ဆန္ဒနဲ့ ဒီယူကျူ့ချန်နယ်လေး စခဲ့တယ်။”လို့မဝေဖူးသန့်ဇင်ကပြောပါတယ်။  

အမြင်အာရုံမသန်စွမ်းသူတစ်ယောက်ဖြစ်တဲ့အတွက်  ရုပ်သံရိုက်ကူးတာတွေ၊ တည်းဖြတ်တာတွေက မဝေဖူးသန့်ဇင်အတွက် မလွယ်ကူလှပါဘူး။အစပိုင်းမှာ တစ်ပုဒ်နှစ်ပုဒ်လောက်သာတင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ပတ်ကိုတစ်ပုဒ်သို့မဟုတ် တစ်လ သုံးလေးပုဒ် တင်ဖြစ်နေပါတယ်။

မဝေဖူးသန့်ဇင်ရဲ့ YouTube Channel မှာ မသန်စွမ်းမှုနဲ့ပတ်သက်တဲ့အသိပညာပေးအစီအစဉ်တွေ၊ အမြင်အာရုံမသန်စွမ်းသူ တစ်ယောက်ရဲ့နေထိုင်မှုပုံစံတွေ၊ ဘဝအတွေ့အကြုံတွေကိုဝေမျှထားတဲ့ အကြောင်းအရာတွေကိုတင်ဆက်ထားတယ်။

“ ဖူးတို့ရဲ့နှုတ်ကနေပြီးတော့ မသန်စွမ်းမှုဆိုတာ ဘယ်လိုဖြစ်ပါတယ် ၊ ဘယ်လိုဖြစ်ပါတယ်ဆိုပြီး ပြောမနေရင်တောင်မှ ဖူးရဲ့ ဘဝကိုချပြမယ်။ ဖူးရဲ့နေ့စဉ် lifestyle တွေကို ချပြရင်းနဲ့ကြည့်တဲ့သူတွေက မသန်စွမ်းသူတွေရဲ့ သဘောသဘာဝတွေကို သဘောပေါက်နိုင်မယ်။”လို့မဝေဖူးသန့်ဇင်ကပြောပါတယ်။

ယူကျူ့ချန်နယ်အတွက် ကိုယ်တိုင် idea ထုတ်၊ ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင် သုတေသနလုပ်၊ တချို့အရာတွေ ရိုက်ကူးတာနဲ့ တည်းဖြတ်တာတွေကို မဝေဖူးသန့်ဇင်ကိုယ်တိုင် လုပ်ကိုင်ပါတယ်။ အမဖြစ်သူကလည်း ကူညီပေးတယ်။

“ ကိုယ့်ဘာကို ဆယ်ဖီကင်မရာနဲ့  လက်ကို ဆန့်ထုတ်လိုက်ပြီးတော့ ရိုက်တဲ့အခါတွေလည်းရှိတယ်။ အဲ့ကျရင်တော့ ဖုန်းရဲ့အနေအထား မှတ်ထားရတာပေါ့။ ကိုယ့်ရဲ့လက်က ဘယ်လောက်ဆန့်ထုတ်လိုက်ရင် ဘယ်နားထိပါတယ် ၊ ရင်ဘတ်ထိ ပါတယ် ၊ နဖူးလောက်ထိပဲ ပါတယ်၊ ဒါမျိုးလေးတွေကို အမက ပြောပြထားတာကို ကိုယ်ကမှတ်ထားလိုက်ပြီးတော့ ရိုက်ရတာပေါ့နော်။” လို့ မဝေဖူးသန့်ဇင်ကပြောပါတယ်။

ဗီဒီယိုတစ်ပုဒ်တင်တဲ့အခါမှာလည်း ခေါင်းစဉ်ကိုဘာရေးမှာလဲ description ကိုဘာရေးမှာလဲ စသဖြင့် အဆင့်ဆင့်လုပ်ရ တာလေးတွေရှိပါတယ်။ ယူကျူ့ချန်နယ်တစ်ခုလည်ပတ်ဖို့က သာမာန်သန်စွမ်းသူတွေ ဗီဒီယိုပိုင်းမှာ ကျွမ်းကျင်သူတွေ အတွက်က အရမ်းမခက်ခဲပေမယ့် မဝေဖူးသန့်ဇင်အတွက်ကတော့ အတော်အားစိုက်ထုတ်ရတဲ့အရာဖြစ်တယ်လို့ဆိုပါတယ်။ သူများက ဗီဒီယိုတည်းဖြတ်တာကို နှစ်နာရီနဲ့ပြီးအောင်လုပ်နိုင်ရင် မဝေဖူးသန့်ဇင်ကတစ်နေကုန်လုပ်ရတာ သူများထက်နှစ်ဆ သုံးဆ အပင်ပန်းခံရတယ်။

လောကဓံကြားက အားမလျော့သူ

မဝေဖူးသန့်ဇင်တစ်ယောက် သူလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ လျှောက်လှမ်းရတဲ့ခရီးလမ်းဟာ မချောမွေ့သလို လဲကျခဲ့တဲ့ အချိန်တွေလည်းရှိခဲ့ပါတယ်။ အထက်တန်းတုန်းက အတန်းတင်စာမေးပွဲအတွက် စိတ်နဲ့ကိုယ်မမျှအောင်ကြိုးစားခဲ့ပေမယ့် ကျန်းမာရေးထိခိုက်တဲ့အထိဖြစ်ကာ စိတ်ဓာတ်ကျခဲ့ရတယ်။ ဆွေမျိုးအသိုင်းအဝိုင်းကပြောတဲ့ မိသားစုကအားကိုးရမယ့်သူ မဟုတ်ဘူး၊ မိသားစုကပဲ စောင့်ရှောက်ထားရမယ့်သူဆိုတဲ့ စကားတွေကြောင့် စိတ်ဓာတ်ကျကာ စိတ်ဒဏ်ရာတွေခဲ့ရတယ်။

“ကိုယ်ကအသုံးမဝင်တဲ့သူတစ်ယောက်လား ၊ ဒါမျိုးလေးတွေတွေးပြီးတော့ စိတ်ဓာတ်လေးတွေကျခဲ့တာလေးတွေရှိတယ်။ စိတ်ရိုင်းလည်းဝင်ခဲ့ဖူးတာပေါ့။ ငါဒါတွေလုပ်နေလည်း အလကားပါပဲ။ ငါကအသုံးမှမကျတာဆိုတဲ့ စိတ်ဓာတ်ကျတာမျိုးလေး တွေလည်းရှိခဲ့တယ်။” လို့ မဝေဖူးသန့်ဇင်က ပြောပါတယ်။

အဲ့ဒီနောက် ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်တွေလုပ်ချင်သလောက်မလုပ်နိုင်တဲ့အခါ စိတ်ဓာတ်ကျခဲ့ ရတယ်။

“ ငါမျက်စိသာမြင်ရင် ဒီထက်ပိုပြီးလုပ်နိုင်မှာပဲဆိုတဲ့ အတွေးမျိုးလေးတွေလည်း တစ်ခါတစ်လေဝင်ခဲ့ဖူးတယ်။”လို့ မဝေဖူး သန့်ဇင်က ဖွင့်ဟပါတယ်။

စိတ်ဓာတ်ကျတဲ့အချိန်တွေရှိပေမယ့်လည်း သူများတွေလောက်ရှေ့မရောက်ရင်တောင် ပန်းတိုင်ကို အမြဲတမ်းလျှောက်လှမ်း နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် တစ်နေ့ရောက်မယ်လို့ မဝေဖူးသန့်ဇင်ကယုံကြည်ထားပါတယ်။

အမြင်အာရုံလုံးဝပျောက်ကွယ်သွားခဲ့ရင်

မဝေဖူးသန့်ဇင်ရဲ့ အမြင်အာရုံအခြေအနေဟာ နောက် ၁၀နှစ်လောက်ကြာရင် လုံးဝမမြင်ရတော့တဲ့ အနေအထားတစ်ခု ရောက် သွားမယ်လို့ ဆရာဝန်တွေကခန့်မှန်းထားပါတယ်။ လက်ရှိအခြေအနေအရလည်း မဝေဖူးသန့်ဇင်တစ်ယောက် ဖုန်း၊ကွန်ပျူတာ အကြည့်များတဲ့အတွက် ဒီထက်စောရင်လည်းစောနိုင်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ လုပ်နိုင်သလောက်အလုပ်တွေလုပ်ပြီး ငွေကြေးစုဆောင်းကာ နောက်ပိုင်းမှာကိုယ်တိုင်လုပ်ရ တာမျိုးမဟုတ်ဘဲနဲ့ စီမံပေးရတဲ့အနေအထားရောက်အောင်ကြိုးစားနေတယ်လို့ဆိုပါတယ်။

ဒီနေ့မြင်ရပြီး နောက်နေ့လုံးဝအမှောင်ကျသွားမှာမဟုတ်ဘဲ ဖြည်းဖြည်းချင်းစီ အမြင်အာရုံကဆုံးရှုံးသွားမှာဖြစ်တဲ့ အတွက် အရမ်းကြီးခက်ခဲသွားမယ်မထင်ဘူးလို့ မဝေဖူးသန့်ဇင်ကဆိုပါတယ်။

“ကိုယ်ရဲ့စိတ်တစ်ခုပဲပြင်ဆင်ရမှာပါ။ စာအုပ်တွေလည်းဆက်ပြီးဖတ်လို့ရနေမှာပဲ ။မျက်မမြင်လက်စမ်းစာပေနဲ့လည်းစာဖတ် တတ်တယ်။ အသံစာအုပ်တွေလည်းအဖော်အနေနဲ့ရှိမယ်။ အခုအသုံးပြုနေတဲ့ကွန်ပျူတာတွေတို့ ဖုန်းတွေတို့ဆိုတာလည်း လက်ရှိအချိန်ထဲက အသံနဲ့ပဲသုံးရမှာဖြစ်တဲ့အတွက် အများကြီးခက်ခဲသွားလိမ့်မယ်လို့မထင်ပါဘူး။” လို့ မဝေဖူးသန့်ဇင်က ပြောတယ်။

မသန်စွမ်း အမျိုးသမီးတွေအတွက် စိန်ခေါ်မှု

မသန်စွမ်းအမျိုးသမီးတွေမှာလည်း ကိုယ်လုပ်ချင်တဲ့အလုပ်တွေလုပ်ဖို့ သင်ယူချင်တာတွေသင်ယူနိုင်ဖို့ အခက်အခဲတွေရှိပါ တယ်။ မဝေဖူးသန့်ဇင်ကိုလည်း  မိသားစုကအပြင် ထွက်အလုပ်မလုပ်စေချင်ဘဲ အချိန်တန်ရင်အိမ်ထောင်ဖက်ကောင်း ရှာပေး မယ်ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေရှိခဲ့တယ်။ ကိုယ့်ရဲ့စိတ်ကိုခိုင်မာအောင်ထားပြီး ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုယ် လျှောက်မယ့် လမ်းကို ကိုယ်တိုင်ဖောက်ခဲ့ရတယ်။ ကိုယ့်ရဲ့မိသားစုက မသန်စွမ်းမှုနဲ့စိမ်းနေတယ်ဆိုရင် ကိုယ့်ရဲ့မိသားစုရဲ့အမြင်ကို ကျော် ဖြတ်ရတယ်လို့ မဝေဖူးသန့်ဇင်ကပြောတယ်။

“ အမျိုးသမီးတော်တော်များများကို ရှေးရိုးစွဲအမြင်တွေနဲ့သတ်မှတ်ထားကြတာဖြစ်တဲ့အတွက် ဒါမျိုးလေးတွေကို ကျော်ဖြတ် ရတာပေါ့။ အမျိုးသမီးလည်းဖြစ်တယ် မသန်စွမ်းလည်းဖြစ်တယ်ဆိုတော့ နှစ်ဆကျော်ဖြတ်ရတာရှိပါတယ်။” လို့မဝေဖူးသန့်ဇင် က ဖွင့်ဟပါတယ်။

ဒါ့အပြင် မသန်စွမ်းအမျိုးသမီးဖြစ်တဲ့အတွက် သွားရေးလာရေးမှာ မသန်စွမ်းအမျိုးသားတွေထက်ပိုခက်ခဲပါတယ်။ အမြင် အာရုံချို့ယွင်းနေတဲ့အမျိုးသားတစ်ယောက်က တစ်ယောက်ထဲအပြင်သွားလည်း အရမ်းအခက်မတွေ့နိုင်ပေမယ့် အမြင်အာရုံ ချို့ယွင်းနေတဲ့ အမျိုးသမီးမှာတော့ အန္တရာယ်တွေကြုံတွေ့နိုင်တဲ့အတွက် အဖော်တစ်ဦးမပါရင် အပြင်ထွက်လို့ အဆင်မပြေဘူး လို့ မဝေဖူးသန့်ဇင်ကပြောပါတယ်။

“ ကိုယ်ကကိုယ့်ဘဝတက်လမ်းအတွက်အပြင်မှာ သင်တန်းသွားတက်ချင်တယ်။ ဒီလိုအချိန်မှာကိုယ့်ကိုလိုက်ပို့မယ့် အကူတစ် ယောက်မရှိနေဘူးဆိုရင် ဒီလိုစိန်ခေါ်မှုလေးတွေကတော့ရှိနိုင်ပါတယ်။”လို့မဝေဖူးသန့်ဇင်ကပြောပါတယ်။

အိပ်မက်တွေ ဆက်လက်အကောင်အထည်ဖော်မယ်

မဝေဖူးသန့်ဇင်ရဲ့ငယ်ဘဝအိပ်မက်က ခွဲစိတ်ဆရာဝန်နဲ့အဆိုတော်ဖြစ်ချင်ခဲ့တာပါ။ မျက်လုံးမကောင်းဘူးဆိုတာကို ငယ်ငယ် ကတည်းက သိခဲ့တဲ့အတွက်အရုပ်ကလေးတွေနဲ့ ကစားတဲ့အခါတိုင်း မျက်စိခွဲစိတ်ဆရာဝန်အဖြစ် ဆော့ကစားခဲ့တယ်။

“ကစားရင်လည်းသူများတွေနဲ့တန်းတူမကစားနိုင်ဘူးလေ။အဲ့တော့ ငါမျက်စိမကောင်းလို့ မကစားနိုင်တယ်ဆိုတာသိထားတာ။ မျက်လုံးကုတာပေါ့။ မျက်စိဆရာဝန် မျက်စိခွဲစိတ်ပေးလိုက်လို့သူများက ပြန်မြင်သွားတယ်ဆိုတာမျိုး အမြဲတမ်းဆော့ခဲ့ဖူး တယ်။” လို့ ငယ်ဘဝအမှတ်တရကိုပြောပါတယ်။

ဒီလိုမျိုးစိတ်ဓာတ်သန်မာပြီး အိပ်မက်တွေအတိုင်းလျှောက်လှမ်းနိုင်ဖို့အတွက် ခွန်အားပေးခဲ့တာက မဝေဖူးသန့်ဇင်ရဲ့မိခင်ပါ။

“အမြင်အာရုံမသန်စွမ်းသူဖြစ်တဲ့အတွက် အားငယ်နေစရာမလိုဘူးဆိုတဲ့စိတ်ခွန်အားတွေပေးခဲ့တယ်။ မူကြိုတက်တုန်းကနဲ့ အတန်းကျောင်းတတ်တဲ့အခါမှာလည်းအနိုင်ကျင့်ခံရတာ အမြင်အာရုံနဲ့ပတ်သက်ပြီးခွဲခြားတာမျိုးတွေရှိရင် အိမ်ပြန်ရောက်ရင် ဒီဟာတွေကိုစိတ်ထဲမှာမထားဘဲနဲ့ စိတ်ကိုထားတက်ဖို့ဒါမျိုးကိုမေမေကသင်ပေးခဲ့တယ်။”လို့ဆိုပါတယ်။

ရှေ့ဆက်ပြီးလည်း ယူကျူ့ချန်နယ်ကို အခုထက်ကြည့်ရှုသူတွေတိုးပွားအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး မသန်စွမ်းမှုနဲ့ ပတ်သက်တဲ့အသိပညာပေးတာတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

အခုအချိန်မှာတော့ ငယ်စဉ်က သူများတွေ သတ်မှတ်ခဲ့သလို မိသားစုက အားကိုးရမယ့်သူမဟုတ်ဘူး ။ မိသားစုကသာ စောင့်ရှောက်ရမယ်ဆိုတဲ့ ပြောဆိုချက်တွေ မှားယွင်းကြောင်း မဝေဖူးသန့်ဇင်တစ်ယောက် သက်သေပြနိုင်ခဲ့ပါပြီ။

“ အမျိုးသမီးဖြစ်ခြင်း မသန်စွမ်းဖြစ်နေခြင်းဆိုတာက ဖူးတို့အတွက်က အကြောင်းပြချက်တွေပါ။ ဖူးတို့ လုပ်ချင်တယ်ဆိုရင် အရာရာကိုဖြည်းဖြည်းချင်းစီ ကြိုးစားပြီးတော့ လုပ်လို့ရပါတယ်။ စိတ်ညစ်စရာ ဘယ်လောက်ပဲရှိရှိ ကိုယ့်ရဲ့စိတ်ကို အတတ်နိုင်ဆုံးခိုင်မာအောင်ထားပြီးတော့ ကိုယ့်ရဲ့ပန်းတိုင်ကိုလျှောက်လှမ်းဖို့လိုပါတယ်။ ခန္ဓာဗေဒအရ ချို့ယွင်းချက်ရှိပေမယ့် သူများတွေ ထက်ချို့ယွင်းပေမယ့် စိတ်ဓာတ်တွေကတော့ သူများတွေထက်သန်စွမ်းနေဖို့လိုပါတယ်။” လို့ သူက ဆိုပါတော့တယ်။

ခင်ဘုန်းမို့

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024