စိတ်မချမ်းသာစရာ သတင်းတွေက နေ့တိုင်းလိုလိုပါ။ နည်းနည်းစိတ်မချမ်းသာရတာနဲ့ များများ စိတ်မချမ်းသာရတာပဲ ကွာပါတယ်။
ဒီရက်ပိုင်း အဆိုးဆုံးသတင်းကတော့ စစ်ကိုင်းတိုင်းက သတင်းတရပ်ပါပဲ။ ခုခံတွန်းလှန်မှု အများဆုံးဒေသ၊ တော်လှန်ရေးရဲ့ ရှေ့ဆုံးတန်းမှာရှိတဲ့ စစ်ကိုင်းတိုင်းက သတင်းတစ်ပုဒ်ပါ။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်က စစ်ကိုင်းတိုင်းက တာတိုင်ရွာမှာ စစ်မိစ္ဆာတပ်ရဲ့ အစုအပြုံအလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဟိုအရင် အစုအပြုံလိုက် သတ်ဖြတ်မှုအများစုက ညှဉ်းပန်းနှိပ်စက်လို့ ဝပြီဆိုရင် လက်ပြန်ကြိုးတုပ်၊ မီးရှို့ သတ်ဖြတ်တာမျိုးပါ။ ဒီတခါမှာတော့ သတ်ဖြတ်ခံထားရသူတွေရဲ့ အလောင်းကို ဒီအတိုင်းသက်သက် ပစ်ထားခဲ့တာပါ။ တိရစ္ဆာန်တစ်ကောင်လို အထစ်ထစ်ခုတ်ပိုင်း ဒီအတိုင်း ပစ်ထားခဲ့တာပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ အလောင်းကောင်တွေကို ပစ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ကြောက်ရွံ့သွားအောင် သတ်ခံရသူတွေရဲ့ ခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်တွေကို အတိုင်းသား ထားပစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါတင်မက အလောင်းလာကောက်သူတွေကိုပါ သေဆုံးအောင် ရည်ရွယ်ချက်နဲ့ အဲဒီအလောင်းတွေကြားမှာ မိုင်းတွေ ဆင်ထားခဲ့ပါသေးတယ်။ ဘယ်လောက် ပက်စက်တဲ့ အကြံဆိုး ဖြစ်ပါသလဲ။ ရန်သူဟာ ရန်သူပီသမြဲပါပဲ။ အသတ်ခံရတဲ့ မိန်းမတွေကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ရုံနဲ့တင် အားမရသေးဘူး။ မိန်းမအင်္ဂါတွေမှာပါ ကြက်သွန်နီတွေ ထိုးထည့်သွားပါတယ်။ ဂျပန်ဖက်ဆစ်တွေထက် ဆိုးရွားတဲ့ စစ်မိစ္ဆာတပ်ပါ။ ကိုယ့်ပြည်သူကို ပြန်ပြီး လူမဆန်အောင် လုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုပါ။
ချင်း၊ ကရင်နီ၊ ကရင် လိုပဲ။ အညာဒေသဟာလည်း စစ်မိစ္ဆာတပ်ရဲ့ ရန်ငြိုးထား ဖိနှိပ်မှုကြောင့် အတော်အထိနာနေပြီ ဖြစ်ပါတယ်။ ရန်သူဘက်ကလည်း အထိနာနေသလို ပြည်သူတွေဘက်ကလည်း အထိနာနေပါတယ်။ ဖြတ်လေးဖြတ်ကြောင့် ရွာတွေ တော်တော်များများမှာ အခြေချ နေထိုင်လို့ မရတော့ပါဘူး။ အိုးအိမ်ဆုံးရှုံး၊ အိုးပစ်အိမ်ပစ်နဲ့ ဘာစီးပွားမှလည်း လုပ်ကိုင်လို့မရတော့ပါဘူး။ ဒေသခံကာကွယ်ရေးတပ်တွေအနေနဲ့လည်း လက်နက်အင်အား မလုံလောက်မှုကို ရင်ဆိုင်နေရပါတယ်။
အခုလို ရန်သူနဲ့ သူနိုင် ကိုယ်နိုင် အရှိန်မြှင့် တိုက်ခိုက်လာရတဲ့အချိန်မှာ တူမီး၊ လက်လုပ်လေးတွေနဲ့ ရင်ဆိုင်လို့မရပါဘူး။ ဒါပေမဲ့လည်း အညာက ကာကွယ်ရေးတပ် အများဆုံးမှာ ထိုနည်းနှင်နှင် ခရီးဆက်နေရတုန်းပါ။ တချို့အဖွဲ့တွေဆီမှာ ပြည်သူ့ထောက်ပံ့မှုနဲ့ မောင်းပြန်လေးတွေ တစ်လက်စ နှစ်လက်စ ဝယ်နိုင်ပေမယ့် ခဲယမ်း၊ ကျည်ဆန် မလုံလောက်မှုတွေကြောင့် သေနတ်ရှိလည်း အပိုဖြစ်နေပါတယ်။ ရန်သူဘက်က စစ်ကြောင်းထိုးဝင်လာရင် အများအားဖြင့် ပြည်သူများနည်းတူ ယာယီရှောင်နေရတုန်းပါ။ အခုချိန်ထိ မိုင်းကိုပဲ အဓိကထား အသုံးပြုနေရတုန်းပါပဲ။ ဒီကြားထဲ ပြည်သူတွေက အခုလို အိုးပစ်၊ အိမ်ပစ် အလုပ်အကိုင်တွေပျက်နဲ့ ဆိုတော့ ငွေကြေးထောက်ပံ့မှုကကလည်း ယခင်ကထက်တော့ နည်းသွားတာပေါ့။ မောင်းပြန်သေနတ်နဲ့ ကျည်ဆန်သာ လုံလုံလောက်လောက်ပေး၊ တော်လှန်ရေး အလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်သွားဖို့ တိုက်ရဲသေရဲတဲ့ အညာ အညာသားကြီးတွေပါ။ ဘာကျည်ကာအကျီမှ မဝတ်၊ ဘာယူနီဖောင်းမှ မရှိဘဲ တိုက်ရပလေ့စေ။ လက်နက်အလုံအလောက်သာ ရရင် ခေါင်းကိုမော့ ရင်ကိုကော့လို့ တတိုင်းပြည်လုံးရဲ့ လွတ်မြောက်မှုအတွက် ပေးဆပ်ရဲတဲ့ အညာသားတွေ ဒုနဲ့ဒေးပါ။ ဒါပေမဲ့ အဲဒီ တိုက်ရဲ၊သေရဲ ပေးဆပ်ရဲတဲ့ လူအင်အား များလွန်းသလောက် လက်နက်ခဲယမ်းအင်အား လိုအပ်ချက်က ကြီးမားနေဆဲပါ။ စိတ်ဓာတ်ခွန်အား တခုတည်းနဲ့ တိုက်ပွဲဝင်နေကြရတဲ့ အညာသားကြီးတွေပါ။ ရေနဲ့ မြေ ကျန်ရင်ပြီးရောဆိုတဲ့ စစ်မိစ္ဆာတပ်ရဲ့ အငြိုးတကြီး ချေမှုန်းခံနေရတဲ့ အညာဒေသပါ။
အခုဆိုရင် သတ်ဖြတ်ခံရတဲ့ ပြည်သူအရေအတွက် သုံးထောင်ကျော်သွားပါပြီ။ ဖမ်းဆီးခံရတာ၊ နေအိမ် ချိပ်ပိတ်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာတွေကလည်း မနည်းမနောပါ။ ဒါတွေဟာ မတရားမှုကို တွန်းလှန်ရင်း ပေးဆပ်လိုက်ရတဲ့ ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေ၊ ဥစ္စာပစ္စည်းတွေပါ။ ပြည်သူဟာ အမြဲပဲတာဝန်ကျေပါတယ်။ ဟိုသမိုင်းခေတ်တုန်းကရော အခုချိန်အထိ သူတို့ရဲ့ အသက်တွေ၊ ဘဝတွေ၊ စည်းစိမ်ဥစ္စာတွေ စွန့်ပြီး စစ်အာဏာရှင်တွေကို တွန်းလှန်ခဲ့ကြတာပါ။ ရှေ့ကနေ နိုင်ငံရေး ဦးဆောင်မှု ကောင်းကောင်းသာပေး။ သစ္စာရှိရှိ၊ သတ္တိရှိရှိလိုက်ကြမယ့် လိုက်ရဲကြတဲ့ မြန်မာ ပြည်သူတွေပါ။
နွေဦးတော်လှန်ရေးကာလက ၂ နှစ်ကျော်လာပါပြီ။ စစ်မိစ္ဆာတွေရဲ့ ပုံစံအမျိုးမျိုးနဲ့ ဒီလောက် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ကြားက အခုချိန်ထိ တောင့်ခံနိုင်တာ နည်းတဲ့ခံနိုင်ရည်၊ နည်းတဲ့ စိတ်ပိုင်းဖြတ်မှု မဟုတ်ပါဘူး။ စစ်မိစ္ဆာတပ် အမြစ်ဖြတ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီး တော်လှန်ရေးကို ဆက်လက်ချီတက်နေကြတာပါ။
မှန်ပါတယ်။ တော်လှန်ရေးတို့ထုံးစံ နှစ်ကာလအချို့တော့ ကြာလေ့ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ စစ်အာဏာရှင်တော်လှန်ရေးကတော့ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဟုတ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်လာတာ ၂၀၂၁ ရောက်မှ မဟုတ်ပါဘူး။ ၂၀ ရာစုဝက်ကျော်ကတည်းက ဆန့်ကျင်တော်လှန်လာခဲ့ကြဝာာပါ။ တိုင်းရင်းသားတွေဆိုလည်း သူ့နည်း၊သူ့ဟန်နဲ့ တော်လှန်လာခဲ့ကြတာပါပဲ။ ဒါကြောင့် စစ်အာဏာရှင်တော်လှန်ရေးဟာ ၂၀၂၁ ကမှ ပေါ်ပေါက်လာတာ မဟုတ်ဘူးလို့ ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို သမိုင်းအဆက်ဆက် ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးတွေအနက် ၂၀၂၁ နွေဦးတော်လှန်ရေးဟာတော့ ပိုပြီးအားအကောင်းဆုံး၊ လူထုပါဝင်မှုအများဆုံး ရန်သူစစ်မိစ္ဆာတွေကို အဘက်ဘက်ကနေ ဖိအားအပေးနိုင်ဆုံး တော်လှန်ရေးတရပ် ဖြစ်ပါတယ်။ တကယ့်ကို မြေပြန့်တို့ တောင်ပေါ်တို့မရွေးဘဲ ပြည်သူတရပ်လုံးက တော်လှန်နေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးတရပ် ဖြစ်ပါတယ်။
ဒါကြောင့် ဒီတကြိမ်ဟာ နှစ်ပေါင်းများစွာ သက်ဆိုးရှည်လာတဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ အမြစ်ဖြတ်နိုင်ဖို့၊ အဆုံးသတ်နိုင်ဖို့ အသင့်ဆုံး အချိန်အခါလည်း ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ရှင်းပါတယ်။ ပြတ်ပါတယ်။ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ အားသန်ကြတယ်။ စိတ်ပိုင်းဖြတ်ထားကြတယ်။ လက်တွေ့လည်း လုပ်ပြနေကြတယ်။ ခေတ်အဆက်ဆက် ယနေ့အထိ တိုင်းပြည်အပေါ်၊ ပြည်သူအပေါ် ဘယ်လိုမှ ကောင်းကျိုးမပေးတဲ့ စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖို့ကသာ သူတို့အတွက် ပထမ။ ပြည်သူကတော့ တော်လှန်ပြည်သူ ပီသ ကြပါပေတယ်။
နိုင်ငံရေး ဦးဆောင်မှုပေးမယ့် အဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေလို တကယ်အလုပ်လုပ်ကြဖို့ လိုပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်အဖွဲ့ဆိုတာ NUG လို အစိုးရတင်မကပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ NUCC၊ သပိတ်ဦးဆောင်အဖွဲ့တွေ၊နဲ့ တခြားသော သက်ဆိုင်ရာ ဦးဆောင်နေကြတဲ့ အဖွဲ့တွေပါ ပါဝင်ပါတယ်။ ဒီစစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့၊ NUG မှာ တာဝန်ရှိတယ်။ NUCC မှာ တာဝန်ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ တာဝန်ရှိပါတယ်။ ပြည်သူတွေက အသက်၊ ဘဝ၊ စည်းစိမ်ဥစ္စာတွေရင်းပြီး တာဝန်ကျေအောင် လုပ်ဆောင်နေကြချိန် NUG၊ EAO၊ NUCC အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းပဲ တာဝန်ကျေအောင် လုပ်ပေးကြဖို့လိုပါတယ်။ ပြည်သူ့အကျိုးစီးပွားကို ကြည့်ပါ။ ပြည်သူ့လိုအပ်ချက်ကို လက်တွေ့ဖြည့်ဆည်းကြပါ။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆိုတဲ့ သမိုင်းပေးတာဝန်ကို ရိုးရိုးသားသား၊ရဲရဲဝံ့ဝံ့ထမ်းရင်း ပြည်သူကိုမျက်နှာမူကြပါ။
တိုင်းရင်းသား ပြည်သူတွေ တကယ်ကို နစ်နာနေကြပါပြီ။ တော်လှန်ရေးကြီး အဓွန့်မရှည်ပါစေနဲ့တော့။
နွေဦးဇင်