စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာမှာ မတ် ၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ၇၉ လက်နက်ကြီးကျည် ပေါက်ကွဲပြီး ကလေးငယ်တယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၂ နှစ်အရွယ် ကလေးငယ်ဟာ နွားကျောင်းရင်း တောတွင်းတနေရာမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ ၇၉ ကျည်ကို ကောက်ယူခဲ့ပြီး နေအိမ်တအိမ်အနီး အုတ်ကန်ပေါ် ဆော့ကစားရင်း လွတ်ကျပေါက်ကွဲခဲ့တဲ့အတွက် ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ အလယ်ရှို ရွာသားတဦးက ပြောပါတယ်။
ဇန်နဝါရီက ကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ချိန်မှာ ပစ်ခတ်ပြီး မပေါက်ကွဲဘဲ ကျန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရွာသားက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဧပြီကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မပေါက်ကွဲဘဲ ကျန်နေတဲ့ ၆၀ မမ ထိပ်ဖူးကို ကလေးသူငယ်တွေက နေအိမ်ကိုယူဆောင်ပြီး ဆော့ကစားရာက ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၆၀ အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့သလို ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။