Home
မြန်မာသတင်း
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တိုက်ပွဲတွင် PDF ၉ ဦး သေဆုံး
DVB
·
March 5, 2023
334735262_236337738964738_735534784140120665_n

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၉ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်အမှတ်(၁)က ထုတ်ပြန်ပါတယ်။

မတ် ၄ ရက် မနက် ၅  နာရီခွဲလောက်က ဝိုင်ဒင်းကျေးရွာအနီး တောတွင်း တနေရာတွင် ယာယီ အ‌ခြေပြုနေတဲ့ တပ်ရင်း (၁) ပုလဲစစ်‌‌ကြောင်းမှူး မြစ်ချောင်းပါအဖွဲ့ကို  စစ်တပ်က လာရောက် တိုက်ခိုက်ခဲ့တာကြောင့်   တိုက်ပွဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ရဲဘော် ကိုးဦး ကျဆုံးသွားတယ်။ စစ်တပ်က အလစ်ဝင်တိုက်တာ။ ရွာသား သတင်းပေး တချို့ကြောင့် အဝိုင်းခံရတာပါ" လို့ ပြောပါတယ်။

နှစ်ဖက်ထိပ်တိုက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး  ကျဆုံးသွားတဲ့ရဲဘော် ၉ ဦးရဲ့ အ‌လောင်းတွေ မကောက်နိုင်ဘဲ မနက် ၁ဝ နာရီမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဆုတ်ခွာ လာခဲ့ရတယ် လို့ သိရပါတယ်။

ဝိုင်းဒင်းရွာအနီးကိုတိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး  စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ကာ အလောင်း ၉ လောင်း၊ M-4 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက်၊ AK-47 သေနတ် ၁ လက်၊ ကိုးလုံးကျည်သေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ကျည်ဆန် ၂၀၀ တောင့်ခန့်၊  လက်လုပ်မိုင်း ၃၈ လုံး၊ တိုက်မိုင်း ၂ လုံး၊ ကျည်အိမ် ၄ ခု ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း အဲဒီရွာမှာ ဖေဖော်ဝါရီလ ကစလို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပြီး စစ်တပ်က အင်အားသုံးကာ စစ်ဆင်ရေး ဝင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024