စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို မတ် ၅ ရက် မနက် ၄ နာရီကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာသား ၇၀၀၀ ကျော်လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ကားယားရွာအပါအဝင် ရေပုလဲနဲ့ ပေါက်ချောင်းရွာက ဒေသခံတွေ ထွက်ပြေးနေရပြီး လက်တလော စစ်တပ်က ပေါက်ချောင်းရွာမှာ ရောက်နေပြီလို့ ဒေသခံတွေထံက သိရပါတယ်။
ညောင်ကားယားကျေးရွာဒေသ ခံတဦးက “သူတို့လာတော့ ပြေးရတာပေါ့။ သူတို့က PDF ရှိတယ်လို့ အကြောင်းပြပြီး ဒေသခံတွေရဲ့ အိမ်တွေထဲက ရှိသမျှအကုန်ယူဖို့ လာကြတာ။ အခု လည်းထပ်ပြီး စစ်ကြောင်းထိုးနေပြီး”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ခြမ်းက ဆင်ကုန်းရွာက နေအိမ်တွေ ကိုလည်း စစ်ကောင်စီတပ်က မတ် ၄ ရက် မနက်ပိုင်းမှာ စစ်တပ်မီးရှို့ခဲ့တယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ခံ တဦးက ပြောပါတယ်။
ရွာသစ်ကုန်းကနေ တက်လာတဲ့ စစ်ကြောင်းကို ဆင်ကုန်းရွာ မရောက်ခင်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဟန့်တားပစ်ခတ်ခဲ့ပေမဲ့ ဆင်ကုန်းရွာကို ရောက်ရှိလာပြီး မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
“စစ်တပ်က ဆင်ကုန်းရွာထဲမှာ ရောက်နေတယ်။ အဲဒီမှာ ရှိနေတုန်းပဲ။ ရွာသစ်ကုန်းဘက်က တက်လာတာကို သုံးလုံး လောက်ပစ်ပြီး ဟန့်တားခဲ့တယ်။ ဒါပေမဲ့ စစ်တပ်က ဆက်တိုက်ပစ်ပြီး ရွာကို တက်လာတာ တောက်လျှောက်ပဲ။ အခု ကြားရသလောက်ကတော့ ဆင်ကုန်းရွာက နေအိမ် ၄ လုံး လောက် မီးရှို့ခံထားရတယ်”လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ကပြောပါတယ်။
ဆင်ကုန်းကျေးရွာကို တက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ ဆင်ကုန်းကျေးရွာအပါအဝင် ရွာသာယာ၊ ရွှေလဲဆင်း၊ အင်းတယန်းနဲ့ ပိန်းလဟာကျေးရွာက ဒေသခံ ၂၀၀၀ လောက် ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်က ကျေးရွာတွေမှာလည်း မတ် ၄ ရက်က စပြီး စစ်တပ်က စစ်ဆင်ရေး ဝင်နေတာကြောင့် ရွာတချို့က အိမ်တွေ မီးရှို့ခံနေရတယ်လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။
မနေ့မနက် ၆ နာရီခွဲကစပြီး ကိုးတောင်ဘို့ တိုက်နယ်က အောက်တဲရွာနဲ့ မနက် ၈ နာရီမှာ ပင့်သာတိုက်နယ်က ပင့်သာရွာနဲ့ တည်ပင်ရွာကိုတွေကို ခလရ-၁၃၇နဲ့ မချမ်းဘောတပ်တွေက စစ်ဆင်ရေးဝင်ခဲ့ပြီး မီးရှို့ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “အခုဆို တိုက်နယ် ၃ ခုပေါင်းစစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသူ ရွာသား ၃၀၀၀၀ ကျော်နေပါပြီ"လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်ကစပြီး ကန့်ဘလူခရိုင်က ဒေသကာကွယ်ရေးတပ်တွေရှိတဲ့ ထောက်ခံတဲ့ ကျေးရွာတွေကို စစ်တပ်က ဆက်တိုက် ထိုးစစ်ဆင်ကာ မီးရှို့ဖျက်ဆီးနေပြီး လယ်ယာသုံး ပစ္စည်း၊ တိရစ္ဆာန်တွေနဲ့ တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။