တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာမှာ အမျိုးသား ၆ ယောက်ကို မတ် ၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ပစ်သတ်ခံရတဲ့သူတွေဟာ အသက် ၂၀ ဝန်းကျင်နဲ့ ၄၀ ကြား အမျိုးသားတွေ ဖြစ်တယ်လို့ ရွာခံတွေထံက သိရပါတယ်။
ဒေသခံတဦးကတော့ "ဘယ်သူဘယ်ဝါဆိုပြီး ရွေးတာမဟုတ်ဘူး။ ဖမ်းချင်တဲ့သူ ဖမ်းပြီး သတ်သွားတာ။ ဖမ်းသွားတဲ့သူတွေကို ဘောလုံးကွင်းနားမှာစုပြီးမှ ပစ်သတ်ခဲ့တာ" လို့ ဆိုပါတယ်။
မတ် ၂ ရက် ညနေပိုင်းကတော့ အောက်ကျောက်ဝပ်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရလို့ ၃ ဦး သေဆုံးပြီး သေနတ်တလက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
မီးရှို့ခံရတဲ့နေအိမ်ကတော့ ၃ လုံးထက်မနည်းရှိပြီး အရေအတွက် အတိအကျတော့ မသိရဘူးလို့ ဆိုပါတယ်။
ကျောက်နီမော်ကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ခရီးသည်တင် အန်စာတုံးကား ၃ စီးနဲ့ အောက်ကျောက်ဝပ်ကျေးရွာဘက်ကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး အခုလို ဖမ်းဆီး သတ်ဖြတ် ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။
ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေရာအနှံ့ သေနတ်နဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး ပင်လယ်နဲ့နီးတာကြောင့် ရွာခံတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ကြဖို့လည်း အခက်တွေ့ ကြတယ်လို့ သိရပါတယ်။
နေ့လယ် ၁၂ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်နီမော်ရွာဘက်ကို ပြန်ထွက်သွားကြတယ်လို့ ရွာခံတွေကပြောပါတယ်။
ထားဝယ်-ရှင်မော်ဘုရား ကားလမ်းမပေါ်မှာရှိပြီး ကပ္ပလီပင်လယ်နဲ့ ကပ်လျက်ရှိတဲ့ ကျောက်နီမော် ကျေးရွာမှာ စစ်အာဏာသိမ်းပြီး ၃ လလောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး တပ်ဖွဲ့ဝင် ၂၀ နီးပါး စခန်းချနေထိုင်ပြီး ရေလမ်းကနေလည်း တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ လာရောက်လေ့ရှိပါတယ်။
အောက်ကျောက်ဝပ်ကျေးရွာကတော့ ကျောက်နီမော်ကျေးရွာကနေ ၃ မိုင်လောက်အကွာမှာပဲရှိပြီး ရွာခံတွေကတော့ ရေလုပ်ငန်းအဓိက လုပ်ကိုင်ကြတာပါ။
photos _ crd