ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်အေအေတို့အပစ်ရပ်ပြီးနောက်ပိုင်း အခုနှစ်ဆန်းပိုင်းကစလို့ မောင်တော ၃ မိုင်မှာ အဖွဲ့ပေါင်စုံ စစ်ဆေးရေးဂိတ် ၃ ခု အထိ တိုးချဲ့ဖွင့် စစ်ဆေးနေတာကြောင့် ပြည်သူတွေ ခရီးသွားလာရာမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
စစ်ဆေးရေးဂိတ်မှာ စစ်တပ်၊ ရဲ၊ မူးယစ်တပ်ဖွဲ့ အကောက်ခွန်၊ လဝက၊ လူကုန်ကူး၊ ထွေအုပ်၊ မီးသတ် စတဲ့ အဖွဲ့ပေါင်းစုံပါဝင်ပြီး ခရီးသွားပြည်သူတွေကို လုံခြုံရေးတင်းကျပ် စစ်ဆေးနေတာဖြစ်ပါတယ်။
မောင်တော ဒေသခံတဦးက “အပစ်အခတ်ရပ်ထားတယ်လို့တော့ ပြောနေကြတာပဲ။ စစ်ဆေးရေးဂိတ်တွေက ပိုပြီးတိုးချလာနေတာ။ မောင်တောကနေ ဘူးသီးတောင်ကို သွားတဲ့ လမ်းမှာ ၃ မိုင် စစ်ဆေးရေးဂိတ်တခုနဲ့ မောင်တောမြို့အဝင်မှာလည်း စစ်ဆေးရေးဂိတ်တခု ရှိပြီးသားပါ။ အခုက မောင်တော၊ ဘူးသီးတောင်၊ အငူမှော်လမ်း ၃ ခွဆုံ နေရာမှာ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်ဆိုပြီး ဂိတ် ၃ ခုဖွင့်လှစ်ပြီး စစ်ဆေးနေကြတာ" လို့ ပြောပါတယ်။
စစ်ဆေးရေးဂိတ် ၃ ခုအထိ တိုးချဲ့ဖွင့်လှစ်စစ်ဆေးနေတာကြောင့် ၃ မိုင်စျေးကို စျေးလာရောင်းချသူတွေနဲ့လာဝယ်သူတွေလည်း အလွန်ကျဆင်းသွားတယ်လို့ ၃ မိုင်သာစည်ရွာ ဒေသခံက ပြောပါတယ်။
"အသစ်ဖွင့်တဲ့ အဖွဲ့ပေါင်းစုံစစ်ဆေးရေးဂိတ် ၃ ခုက ပြည်သူတွေကို ကြိုက်သလို ခေါ်ယူစစ်ဆေးနေတော့ ၃ မိုင် စျေးကို စျေးလာရောင်းတဲ့သူတွေ မရှိကြတော့ဘူး။ လာဝယ်တဲ့သူတွေ ဘယ်ရှိတောမလဲဗျာ။ ၃ မိုင် သာစည်ရွာက ဇရပ်မှာလည်း စစ်တပ်နဲ့ နယ်ခြားစောင့်တွေ အမြဲထိုင်နေကြတာ။”
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က စစ်ကောင်စီအင်အား ၄၀ လောက်ဟာ ၃ မိုင် သာစည်ကျေးရွာရှိ သာလယာဇရပ်မှာ ထိုင်နေကျ သက်ကြီးပိုင်း အမျိုးသား ၆ ယောက်ကို နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) က ဖမ်းဆီးစစ်ဆေးပြီး ၇ ရက်လောက်ကြာမှ ပြန်လွှတ်ပေးခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က စတင် အပစ်ရပ်စဲထားတာပါ။
အပစ်ရပ်ထားချိန်မှာ ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနေတဲ့အပြင် ရခိုင်လူမျိုးတွေကို ဆက်လက်သွေးခွဲနေပါက တိုက်ပွဲလမ်းကြောင်း ပြန်သွားရလိမ်မယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။