မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဆယ်ကျော်သက်လူငယ်တွေအကြား မူးယစ်ဆေးသုံးစွဲသူတွေ များပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း နယ်ကျေးရွာဘက်တွေမှာ ဆယ်ကျော်သက်အရွယ် အသက် ၁၅ နှစ်ဝန်းကျင်နဲ့ အသက် ၄၀ ကျော်ကြားအရွယ်တွေ မူးယစ်ဆေးဝါးကို ပိုမိုသုံးစွဲလာတာ တွေ့ရတယ်လို့ မူးယစ်ဆေးဝါး ဆန့်ကျင်လှုပ်ရှားသူတွေက ပြောပါတယ်။
အခုလို မူးယစ်ဆေးဝါးတွေကို နယ်ဘက်တွေမှာ အလွယ်တကူ ရောင်းဝယ်နေတာ၊ ရဲတပ်ဖွဲ့ဘက်ကလည်း ဖော်ထုတ်ဖမ်းဆီးတာတွေ မရှိတာကြောင့် မူးယစ်ဆေးဝါးအပြင် ဘိန်းစားရွက်ပါ သုံးစွဲလာကြတယ်လို့ ကျေးလက်နေ ဒေသခံတွေက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ်တွေကြား ၇၀ ရာခိုင်နှုန်းလောက် သုံးစွဲလာကြသလို အလုပ်အကိုင်မရှိတာရယ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဘက်ကလည်း ဆေးသမားတွေကို သတင်းပေးအဖြစ် အသုံးချပြီး ဆေးရောင်းဝယ် သယ်ယူခွင့်တွေပါ ပေးလာတာကြောင့် အနာဂတ်မှာ လူငယ်တွေအတွက် စိုးရိမ်ရတယ်လို့ မူးယစ်ဆေးဝါး ဆန့်ကျင်လှုပ်ရှားနေသူတွေက ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်လာတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေအဖြစ် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆,၀၀၀ ကျော်ရှိပြီး ကာလတန်းဖိုးအနေနဲ့ ကျပ် ၁,၀၀၀ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။