ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အစိုးရအဖွဲ့ရုံးအနီး အားကာဦးစီးဌာနရှေ့ လမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၈ ရက် ည ၈ နာရီက စစ်တွေတက္ကသိုလ်ကျောင်းသားတွေ စီးနင်းလာတဲ့ ဆိုင်ကယ်တစီးကို နောက်ကနေ ကားနဲ့ဝင်တိုက်ကာ ထွက်ပြေးသွားခဲ့သူကို ဖမ်းဆီးအရေးယူပေးဖို့ ကျောင်းသားတွေနဲ့ ဒေသခံတွေက တောင်းဆိုပါတယ်။
စစ်တွေတက္ကသိုလ်မှာ Water Party အပြီး ဖေဖော်ဝါရီ ၂၈ ရက် ညစာစားပွဲကို သွားရောက်ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေ စီးလာတဲ့ ဆိုင်ကယ်တစီးကို နောက်ကနေ အိမ်စီးကား Surf အမျိုးအစား YGN (3H-2124) ကားက တိုက်ပြီး ကားကို မောင်းနှင်ထွက်ပြေးသွားတာပါ။
ကျောင်းသားတဦးက “ကျောင်းမှာ ပွဲရှိတော့ သူငယ်ချင်းတွေနဲ့ စုပြီး ကျောင်းကိုသွားကြတာပါ။ ကားအရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ကို ဝင်တိုက်ပါတယ်။ ဒီပတ်ဝန်းကျင်က ပြည်သူတွေက အဲဒီကားကို တားဆီးကြပါတယ်။ ကားက အတားမခံပါဘူး။ တားဆီးတဲ့လူတွေကိုတောင် ပြန်တိုက်ဖို့ကြိုးစားပြီး ကားမောင်းပြီး ထွက်ပြေးသွားပါတယ်။ ယာဥ်ထိန်းရဲက တာဝန်ခံမှု တာဝန်ယူမှု လုံးဝမရှိပါဘူး။ ယာဥ်ထိန်းရဲကို ဖုန်းဆက်တိုင်လို့ ရောက်လာတဲ့အချိန်မှာ ကားပေါ်ကတောင် ဆင်းမကြည့်ပါဘူး။ သူတို့နဲ့မဆိုင်သလိုမျိုးပါ။ တိုက်သွားတဲ့ကားကလည်း ထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ ပျက်စီးသွားတဲ့ ဆိုင်ကယ်အတွက် တာဝန်ခံ တာဝန်ယူမှု ရှိရမှာပါ။ ယာဥ်ထိန်းရဲကလည်း ထွက်ပြေးသွားတဲ့ကားကို လိုက်ဖမ်းနိုင်ရမှာပါ” လို့ ပြောပါတယ်။
ပတ်ဝန်းကျင်က ပြည်သူတွေကလည်း အဆိုပါကားကို တားဆီးခဲ့ပေမဲ့ ကားသမားက လူတွေကိုတိုက်ဖို့ ကြိုးစားပြီး ထွက်ပြေးသွားတာဖြစ်ကြောင်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်တမ်းသက်သေ ဓာတ်ပုံရိုက်ထားတဲ့ မျက်မြင်ကိုယ်တွေ့ ပြည်သူတဦးက ပြောပါတယ်။
“ကျနော်က ဆေးဆိုင်မှာ ဆေးဝယ်နေတာ။ ကားက ဆိုင်ကယ်ကို ဝင်တိုက်တော့ ကားကို ဓာတ်ပုံရိုက်ပြီး ယာဥ်ထိန်းရဲကို အကြောင်းကြားပါတယ်။ လူနာတင်ယာဥ်ကိုခေါ်ပြီး ဒဏ်ရာရတဲ့ ကလေးတွေကို ဆေးရုံကိုပို့လိုက်တယ်။ ကလေးတွေကို တိုက်တဲ့ကားက ထွက်ပြေးတယ်။ တားဆီးထားတဲ့လူတွေကိုတောင် ဝင်တိုက်ခံရသွားနိုင်တယ်။ ယာဥ်ထိန်းရဲကား ရောက်လာတော့ အရာရှိက ကားပေါ်ကတောင်မဆင်းဘူး။ ကားနံပါတ်ပါ ဓာတ်ပုံရိုက်ထားတယ်၊ ဖမ်းပေးပါဆိုတော့ ကားနံပါတ်ကိုမြင်တိုင်း သူတို့ဖမ်းမရပါတဲ့၊ ကညန က ဖမ်းရမှာတဲ့။ ဒါဆို လိုင်စင်မဲ့ကားတွေကို သူတို့လိုက်နေကြတာလေ။ ပြည်သူတယောက်အနေနဲ့ ဒီကားကို မရအရ ဖမ်းပေးဖို့ တောင်းဆိုပါတယ်။”
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း ယာဥ်မတော်တဆမှုကြောင့် ပြည်သူ ၁၂၁ ဦး သေဆုံးခဲ့ရပြီး ၂၈၃ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်းတွေကို ပြည်သူတွေ လိုက်နာကြဖို့ ပြည်နယ်ယာဥ်ထိန်းတပ်ဖွဲ့က စစ်တွေမြို့ပေါ်မှာ အသိပေး ကြေညာနေပါတယ်။