ရန်ကုန်မြို့မှာ ရုပ်ရှင်ရုံတွေကို စစ်ကောင်စီက အတင်းအကျပ် ပြန်လည်ဖွင့်လှစ်စေခဲ့တာ အချိန် ၁ နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ လာရောက်ကြည့်ရှုအားပေးတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ မရှိသလောက် နည်းပါးနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ၂၀၂၀ ပြည့်နှစ်က စပိတ်ထားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီက ပြည်သူတွေ ပုံမှန်သွားလာနေတဲ့ ပုံရိပ်ရရှိဖို့ ရုပ်ရှင်ရုံတွေကို အတင်းအကျပ် ပြန်လည်ဖွင့်ခိုင်းခဲ့ပေမဲ့ ယနေ့အထိ လာရောက်ကြည့်ရှုသူ နည်းပါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေ လာရောက်ကြည့်ရှုမှု နည်းပါးတာကြောင့် ရုပ်ရှင်ရုံတွေဟာ အရှုံးပေါ်နေပြီး တချို့ရုပ်ရှင်ရုံတွေဆိုရင် အပြီးပိတ်လိုက်ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိ ရန်ကုန်ရှိ နဝဒေးရုပ်ရှင်ရုံနဲ့ ဝဇီယာရုပ်ရှင်ရုံတို့ဟာ အပြီးပိတ်လိုက်ရတဲ့အပြင် မြို့နယ်အလိုက် ဖွင့်လှစ်ထားတဲ့ တချို့ရုပ်ရှင်ရုံငယ်တွေဟာလည်း ယနေ့တိုင် ပြန်လည်ဖွင့်လှစ်နိုင်တာမရှိဘဲ အပြီးပိတ်လိုက်ရတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လက်ရှိ ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်ရုံတွေဟာလည်း လျှပ်စစ်မီးပျက်တာများနေတာကြောင့် လက်မှတ်ခဈေးနှုန်းတွေကို တိုးမြှင့်ခဲ့ရပြီး လက်မှတ်တစောင်ကို အနည်းဆုံး ကျပ် ၂,၀၀၀ ကနေ စတင်ရောင်းချနေရကာ စုံတွဲခုံဆိုရင်တော့ ကျပ် ၅,၅၀၀ အထိ တိုးမြှင့်ရောင်းချနေရတယ်လို့ သိရပါတယ်။